ကချင်ပြည်နယ် ကာမိုင်းမြို့ကနေ ဖားကန့်မြို့ကို ထွက်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်ခုနစ်ဦးကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဇူလိုင်လ ၅ ရက်နေ့ မနေ့က ဖမ်းဆီးသွားတယ်လို့ ဖားကန့် ဒေသခံတွေက ပြောပါတယ်။
ဒုရဲအုပ်တစ်ဦးနဲ့ ရဲတပ်သား ခြောက်ဦးကို ဖားကန့်မြို့နယ် တံတားညီနောင်နဲ့ ခွမ်စိုင်ယာန် ရွာကြားမှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီဘက်က တောင်းဆိုတဲ့ အတွက် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) အဖွဲ့ကနေတစ်ဆင့် ကေအိုင်အို ကို စာပို့ထားတယ်လို့ PCG အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။
“မနေ့က ဖမ်းတယ်လို့ကြားတယ်၊ သူတို့ဘက်က ပြန်လွှတ်ပေးဖို့ ပြောလာလို့ ကေအိုင် အို ဗဟိုကိုတော့ တင်ပြထားတယ်။ တစ်ခုခု အကြောင်းကြားလာတာတော့ မရှိသေးဘူး”
အခုဖမ်းဆီးခံရတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဖားကန့်မြို့ ဆိပ်မူရွာမှာ စခန်းထိုင်ဖို့ လာခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ကေအိုင်အို သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက သူ့အနေနဲ့ ဘာသတင်း အချက်အလက်မှ မရရှိသေးဘူးလို့ ပြောပါတယ်။
အဲဒီ ရဲတပ်ဖွဲ့ဝင် ခုနစ်ဦးဟာ ဖားကန့်မြို့မှာ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့အတွက် လာ ရောက်ခဲ့တာဖြစ်ပြီး ဖားကန့်ကို မရောက်ခင် အဆက်အသွယ်ပြတ်တောက်သွားတာကြောင့် စုံစမ်းနေတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။
၂၀၂၁ နိုဝင်ဘာလတုန်းကလည်း မြစ်ကြီးနား-ဖားကန့်လမ်းမှာ ရဲတပ်ဖွဲ့ဝင် သုံးဦးကို KIA က ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။