အိမ်ခြေ နှစ်ရာကျော်နဲ့ လူဦးရေ တစ်ထောင်ကျော်ရှိတဲ့ ပေါက်မြို့နယ် ကင်းမရွာဟာ ဇွန်လ ၁၅ ရက်နေ့မှာ မီးရှို့ခံခဲ့ရတာကြောင့် ရွာရဲ့သုံးပုံနှစ်လုံလောက် မီးလောင်ပြာကျသွားခဲ့ပါတယ်။
မီးလောင်တဲ့အထဲမှာ ထွက်မပြေးနိုင်လို့ ကျန်ခဲ့တဲ့ သက်ကြီးရွယ်အို လေးယောက်လည်း ပါသွားတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
ကျေးရွာမီးရှို့ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဇွန်လ ၁၆ ရက်နေ့က စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ကင်းမရွာမှာ လှည့်ကင်းဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လက်နက်ကိုင် အကြမ်းဖက်သူတွေက ပစ်ခတ်တိုက် ခိုက်ပြီး ကျေးရွာအတွင်းမှာရှိတဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတာလို့ ဖော်ပြထားပါတယ်။
အလားတူ ဇွန်လ ၁၇ ရက်နေ့မှာလည်း သတင်းမီဒီယာတွေပေါ်က ပြောနေတာတွေဟာ မဟုတ်မှန်ပဲ ကြံ့ခိုင်ရေးပါတီဝင် ဦးကျော်ဌေး နေအိမ်ကို PDF အဖွဲ့က မီးရှို့တာကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီက ဒုတိယအကြိမ်ထပ်မံ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒေသခံ မျက်မြင်တွေကတော့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ဟာ လက်တွေ့မြေပြင်အခြေအနေနဲ့ ကွဲလွဲနေတယ်လို့ တုံ့ပြန်ပြောဆိုကြပါတယ်။
မီးစရှို့ခံရတဲ့နေအိမ်နားမှာ နေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကင်းမကျေးရွာသား တစ်ဦးကတော့ စစ်ကောင်စီတပ်သားတွေဘက်က ရှို့တာကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။
“ဟုတ်ကဲ့ မြင်ခဲ့ရတာက ရွာရဲ့အရှေ့မှာ စာသင်ကျောင်းရှိတာ၊ စာသင်ကျောင်းရဲ့အနောက်က အိမ်တစ်အိမ်ကနေ စပြီးရှို့တာ၊ အဲဒါပြည်ခိုင်ဖြိုးအိမ် မဟုတ်ဘူးရှင့်၊ ကျွန်မတို့အသိပါ ကျွန်မတို့ အိမ်နားကပါပဲ၊ ဝင်လာပြီး တန်းရှို့တာမျိုး မဟုတ်ပါဘူး၊ ရွာရဲ့အရှေ့ဘက် မရောက်ခင်မှာ ချောင်းလေး ရှိသေးတယ်၊ အဲဒီချောင်းရဲ့အရှေ့ဘက်မှာ PDF အဖွဲ့နဲ့ ပထမဆုံး ခံစစ်ဖြစ်သေးတယ်ရှင့်၊ အဲမှာတင် သေနတ်တွေတအားပစ် တအားကိုပစ်ပြီး ရွာရဲ့အရှေ့ဘက်မှာ တဲလေးတစ်တဲရှိတယ်၊ အဲဒီတဲလေးကို အရင်စပြီး မီးရှို့တာရှင့်၊ အဲဒါပြီးမှ ရွာထဲကိုလာတာ၊ PDF အဖွဲ့ကည်း အင်အားက နည်းသွားတော့ ရွာထဲကို ဆိုင်ကယ်တွေနဲ့ဝင်လာပြီး ထွက်ခဲ့ဘာညာတွေဆဲ၊ ဆဲပြီးတော့တဲ့အခါ ဝင်လာပြီးတဲ့အခါကျမှ စာသင် ကျောင်းရဲ့ အရှေ့ဘက်က အဲဒီအထဲထဲကိုမရောက်ခင်မှာ PDF အဖွဲ့ရဲ့ ခေါင်းဆောင်နဲ့ စာသင်ကျောင်း နားမှာ ခံစစ်ဖြစ်သေးတယ်ရှင့်၊ ၁၀ ယောက် တစ်ယောက် အဲလိုတွေလည်း ဖြစ်သေးတယ်၊ အဲဒါပြီးခဲ့အခါမှ မီးရှို့ခံရတာပါ”
မီးလောင်ပြီး နောက်နေ့ ဇွန်လ ၁၆ ရက်နေ့မှာ ကျေးရွာသားတွေဟာ ရွာထဲကိုပြန်လာပြီးတော့ မီးမလောင်ဘဲ ကျန်နေခဲ့တဲ့ပစ္စည်းတွေသယ်ပြီး မီးလောင်သွားတဲ့အိမ်တွေကို ရှင်းလင်းနေချိန်မှာလည်း စစ်ကောင်စီတပ် သားတွေက ပြန်ဝင်လာလို့ ကျေးရွာသားတွေ ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။
"ကျွန်တော်တို့က သူတို့ရှို့ပါတယ်ဆိုတာကို နယ်ခံတွေအနေနဲ့ မျက်မြင်သက်သေတွေ လည်းရှိတယ်"
နောက်ထပ် လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာသားတစ်ဦးကလည်း မီးရှို့တဲ့လုပ်ရပ်ကို စစ်ကောင်စီ တပ်ဘက်က ကျူးလွန်ခဲ့တယ်ဆိုတဲ့ အခြားမျက်မြင် သက်သေတွေရှိတယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့တွေ့တဲ့ ဗီဒီယိုဖိုင်တွေဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်က ပြည်သူကပြန်ပြီးတော့ မီးရှို့တယ်ဆိုတဲ့အိမ်က အဓိပ္ပာယ်မှ မရှိတာ၊ ကင်းမရွာက လျှပ်စစ်မီးရဖို့မပြောနဲ့ ရွာထဲမှာတောင် ဖုန်းလိုင်းမမိတဲ့ရွာကို အဲဒီဗီဒီယိုဖိုင်ထဲမှာပါတာက ဓာတ်တိုင်တွေရော၊ မီးကြိုးတွေရောဆိုတော့ ကျွန်တော်တို့က ဘယ်လိုလက်ခံရမှာလဲဗျ၊ ဒီစစ်ကောင်စီဆိုတာ ဘယ်တုန်းကမှလည်း အမှန်တရား ကိုလည်း ထုတ်မပြောရဲတဲ့ ကောင်တွေပါ၊ အမှန်တရားကိုလည်း ဘယ်တုန်းကမှ ပြောခဲ့တဲ့ကောင်တွေ မဟုတ်ပါဘူး၊ ကျွန်တော်တို့က သူတို့ရှို့ပါတယ်ဆိုတာကို နယ်ခံတွေအနေနဲ့ မျက်မြင်သက်သေတွေ လည်းရှိတယ်၊ ဘယ်ပြည်သူကမှ သူတို့ရွာကို မီးရှို့ပြီးတော့ ထွက်ပြေးမှာတော့ မဟုတ်ဘူးဗျ”
ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်က ကင်းမရွာနဲ့ ၁၂ မိုင်ခန့်အကွာမှာရှိတဲ့ ဒီးဒုတ်ကွင်းရွာ အုပ်ချုပ်ရေးမှူးကို လူတချို့က သေနတ်နဲ့ သွားရောက်ပစ်ခတ်တဲ့အချိန် ကျန်ခဲ့တဲ့ မော်တော်ဆိုင်ကယ်ရဲ့လိပ်စာဟာ ကင်းမရွာက ဖြစ်နေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အခုလိုလာပြီး အကြမ်းဖက်တာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောထားပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ ကင်းမကျေးရွာမှာ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ လက်လုပ်သေနတ်တွေ ပြုလုပ်ရောင်းချနေသူကိုဖမ်းဖို့ ဇွန်လ ၁၅ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်တွေသွားချိန် ကျေးရွာအနား အရောက်မှာ လက်နက်ကိုင် အကြမ်းဖက်သူတွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းနဲ့ ကင်းမကျေးရွာထဲ ဝင်ပြေးသွားတဲ့ PDF အဖွဲ့နဲ့ ချင်းပြည်နယ်ဘက်က ရောက်လာတဲ့ လက်နက်ကိုင်အဖွဲ့တွေက ကျေးရွာထဲ မှာရှိတဲ့ ကြံ့ခိုင်ရေးပါတီဝင် ဦးကျော်ဌေးရဲ့ အိမ်ကို မီးရှို့ခဲ့တာလို့ ပါရှိပါတယ်။

NLD ပါတီကို ထောက်ခံသူတွေ၊ PDF တွေ၊ အစွန်းရောက် အကြမ်းဖက်သမားတွေနဲ့ သတင်းမီဒီယာအချို့က ရည်ရွယ်ချက်ရှိရှိနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီကို ပြည်သူတွေနဲ့ နိုင်ငံတကာက အထင်အမြင်လွဲ စေရန် စွပ်စွဲရေးသားနေကြတယ်လို့လည်း စစ်ကောင်စီဘက်က တုံ့ပြန်ထားပါတယ်။
ဒေသခံမျက်မြင်အချို့ရဲ့ ပြောဆိုချက်တွေနဲ့ စစ်ကောင်စီဘက်က ထုတ်ပြန်ချက် ကွဲလွဲနေတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ ကင်းမရွာ ရွာလုံးကျွတ်နီးပါး မီးရှို့ခံရမှုနဲ့ပတ်သက်ပြီး စစ်တပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တို့အကြား တစ်ဘက်နဲ့ တစ်ဘက် အပစ်ပုံချနေရုံနဲ့မပြီးဘဲ အမှန်တရားဖော်ထုတ်နိုင်ဖို့အတွက် အာဏာပိုင်တွေအနေနဲ့ ကိုယ်တွေ့ကြုံရတဲ့ ဒေသခံရွာသားတွေကို အကြောက်တရားကင်းကင်းနဲ့ လွတ်လပ်စွာ မေးမြန်းစုံစမ်းခွင့် ပေးရမှာဖြစ်သလို လူ့အခွင့်အရေးသမား တစ်ဦးအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး အမှန်တရား ဖော်ထုတ်နိုင်ဖို့၊ အပြစ်ရှိသူကို ပြည်တွင်းဥပဒေနဲ့ရော နိုင်ငံတကာ ဥပဒေတွေအရပါ အရေးယူနိုင်ဖို့ စတင်ကြိုးစားနေပြီလို့ ပြောပါတယ်။

အခုလက်ရှိမှာ ရွာလုံးကျွတ်နီးပါး မီးရှို့ခံခဲ့ရတဲ့ ကျေးရွာသား တစ်ထောင်ကျော်ဟာ နီးစပ်ရာတော၊ တောင်တွေမှာ ထွက်ပြေးခိုလှုံနေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
သူတို့အတွက် အမိုးအကာတွေနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခက်အခဲတွေကတော့ စားနပ်ရိက္ခာတို့၊ အဝတ်အစားတို့၊ ဆေးဝါးတို့ပေါ့ဗျာ၊ အကုန်လုံးပဲ ပြောရ မှာပါဗျာ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီရွာရဲ့ စစ်ဘေးရှောင်က ရွာလုံးကျွတ်နီးနီး အရှို့ခံရတဲ့ အနေအထား ဆိုတော့၊ တချို့တလေကျတော့လည်း ပြန်ကြတယ်၊ ဒါပေမဲ့ သူတို့က မနက်ကတုန်းကလည်း သတင်း ကြားရင်ကို သူတို့ကဖြစ်ထားတာဆိုတော့ နယ်ခံတွေအနေနဲ့ ရွာခံတွေအနေနဲ့ ဘယ်လိုပြောရမတုန်း လန့်နေကြတာပေါ့ဗျာ၊ ကြောက်နေကြတာဆိုတော့ ထပ်ထပ်ပြီး ရှောင်ရတယ်ဗျ၊ ရွာထဲမှာနေတဲ့သူက တော်တော်လေး မရှိဘူးလို့တောင် ပြောလို့ရပါတယ်ဗျ”
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ကင်းမရွာ မီးရှို့တိုက်ခိုက်ခဲ့တဲ့အပေါ် အပြင်းအထန် ရှုတ်ချကြောင်းမနေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုထားပါတယ်။
နိုင်ငံတကာက အကြမ်းဖက်မှုတွေ မလုပ်ဖို့ ထပ်ခါတလဲလဲ တိုက်တွန်းနေပေမယ့် စစ်တပ်ခေါင်းဆောင်နဲ့ သူရဲ့ လက်နက်ကိုင်တပ်တွေကတော့ လိုက်နာဖို့ ဆန္ဒမရှိဘူးဆိုတာ ဒီအဖြစ်အပျက်က သက်သေပြနေတာကြောင့် စစ်တပ်ကို အရေးယူနိုင်ဖို့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ဆက်စပ်ပက်သတ်တဲ့ သက်သေတွေကို ဒေသ အဆင့်၊ နိုင်ငံတော်အဆင့်နဲ့ နိုင်ငံတကာအဆင့် သက်ဆိုင်သူတွေအနေနဲ့ ဆက်လက်မှတ်တမ်းတင်ထား ဖို့ကိုလည်း NUG ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း ကင်းမရွာ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ လုပ်ရပ်ဟာ တိုင်းရင်းသားလူမျိုးတွေနဲ့ ဘာသာတရားတွေ အားလုံးအပေါ် စစ်တပ်က ယခင်ကျူးလွန်ခဲ့တဲ့ ကြမ်းကြုတ်ရက်စက်မှုတွေနဲ့ တသမတ်တည်းဖြစ်နေပြီး စစ်တပ်ဟာ လူ့အသက်ကို လုံးဝဂရုမစိုက်ဘူး ဆိုတာကို ဆက်လက်ပြသနေကြောင့် မနေ့က ထုတ်ပြန်ပြောဆိုထားပါတယ်။