မှန်ကန်တဲ့ ဆွေးနွေးရေးလမ်းကြောင်းရှိလာရင် တွေ့ဆုံဆွေးနွေးမယ်လို့ KIO ဥက္ကဋ္ဌပြော

RFA Burmese
2024.08.10
မှန်ကန်တဲ့ ဆွေးနွေးရေးလမ်းကြောင်းရှိလာရင် တွေ့ဆုံဆွေးနွေးမယ်လို့ KIO ဥက္ကဋ္ဌပြော ၃၉ နှစ်ပြည့် ကချင်အာဇာနည်နေ့ အထိမ်းအမှတ်မိန့်ခွန်း ပြောကြားနေသော KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။
Screenshot from Laiza TV Video

မြန်မာနိုင်ငံမှာ နိုင်ငံရေးနည်းနဲ့ပြေလည်ဖို့ မဖြစ်နိုင်တာကြောင့် လက်နက်ကိုင်တော်လှန်နေရပေမဲ့ မှန်ကန်တဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း ပေါ်ပေါက်လာရင် တွေ့ဆုံဆွေးနွေးတဲ့ လမ်းကြောင်းအတိုင်း လုပ်ဆောင်မယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက သြဂုတ်လ ၁၀ ရက် ဒီနေ့မှာ ပြောပါတယ်။

“နိုင်ငံငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်လာဖို့အတွက် နိုင်ငံရေးပြေလည်မှု ရှိရမယ်။ သို့သော် မြန်မာအစိုးရအဆက်ဆက်က လူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ်ကို မူဝါဒ ခိုင်ခိုင်မာမာချမှတ်ပြီး နိုင်ငံတော်အာဏာကို ချုပ်ကိုင်ထားတာကြောင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာက ပြေလည်မှုရဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်၊ ပန်တိုင်သို့ရောက်ရှိအောင် လက်နက်ကိုင် တော်လှန်နေကြခြင်းဖြစ်ပါတယ်။ သို့သော် မှန်ကန်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း ပေါ်ပေါက်လာလျှင် တွေ့ဆုံဆွေးနွေးတဲ့ လမ်းကြောင်းဖြင့်လည်း ဖော်ဆောင်သွားမှာဖြစ်ပါတယ်”

ဒီနေ့ကျရောက်တဲ့ “ကချင်အာဇာနည်နေ့”မိန့်ခွန်းမှာ ဗိုလ်ချုပ်ကြီး အင်ဘန်လက ထည့်သွင်းပြောဆိုခဲ့တာပါ။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ဒေသတွေမှာ ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ဒေသလုံခြုံရေး ကဏ္ဍတွေအတွက် လုပ်ဆောင်နေသလို လွတ်မြောက်နယ်မြေတွေက ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့လေကြောင်းရန်ကို သတိပြုကြဖို့လည်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောပါတယ်။

ယခုတစ်ကြိမ် စစ်ဆင်ရေးဟာ တိုင်းရင်းသား ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုကြောင့် အချိန်တိုတွင်း အောင်ပွဲတွေရရှိခဲ့သလို လက်ရှိစစ်ဆင်ရေးမှာ ပူးပေါင်းလက်တွဲခဲ့ကြတဲ့ မဟာမိတ် တော်လှန်ရေးအဖွဲ့တွေကိုလည်း ကျေးဇူးတင်ဂုဏ်ပြုကြောင်း ပြောဆိုထားပါတယ်။

ဒီနှစ်ဆန်းပိုင်းကစလို့ ကချင်ပြည်နယ်အတွင်း ဒေါ့ဖုန်းယန်၊ မြို့သစ်၊ လွယ်ဂျယ်၊ မြို့လှ၊ ဆင်ဘို၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်နဲ့ ဆဒုံးမြို့ စတဲ့ မြို့ ရှစ်မြို့အပါအဝင် စစ်ကောင်စီတပ်စခန်းပေါင်း တစ်ရာကျော်ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

ကချင်အာဇာနည်နေ့ဟာ ၁၉၇၅ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်မှာ လုပ်ကြံခံခဲ့ရတဲ့ KIO/KIA အဖွဲ့ကို စတင်ထူထောင်သူတစ်ဦးဖြစ်သူ ဗိုလ်ချုပ် ဇော်ဆိုင်း ကျဆုံးတဲ့နေ့ကို သတ်မှတ်ထားတာဖြစ်ပြီး ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ ကချင်လူမျိုးတွေက ကျဆုံးသွားတဲ့တော်လှန်ရေးရဲဘော်တွေကို အောက်မေ့ဂုဏ်ပြုပွဲတွေ ကျင်းပကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။