တိုင်းရင်းသားအားလုံး နဲ့ နိုင်ငံရေး ဆွေးနွေးတော့မည်


2013.05.28
kio-gov-peace-talk-305.jpg မေလ ၂၈ ရက်နေ့မှာကျင်းပတဲ့ အစိုးရနဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တွေ့ရစဉ်
photo: RFA/ Kyaw Myo Min

မြန်မာနိုင်ငံမှာ တိုင်းရင်းသားအားလုံးပါဝင် တဲ့ နိုင်ငံရေးဆွေးနွေးပွဲတစ်ခုကို လာမယ့်ဇွန်လ (သို့မဟုတ်) ဇူလိုင်လအတွင်းကျင်းပဖို့ အစိုးရက ကြိုးပမ်းနေတယ်လို့ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီကနေ့ကျင်းပတဲ့ အစိုးရနဲ့ ကေအိုင်အို ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ကတိပြုပြောကြားလိုက်ပါတယ်။

အရင်က တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ ထိုင်းနိုင်ငံတွေမှာ နှစ်ဖက်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပရာကနေ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပထမဆုံးအကြိမ် ကျင်းပတာဖြစ်ပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာ အစိုးရဘက်က ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး၊ ကေအိုင်အိုနဲ့ ရှေ့ဆက်ပြီး ဆွေးနွေးပွဲတွေ လုပ်ဆောင်သွားရေး၊ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စောင့်ကြည့်ရေး ကော်မတီတွေ ဖွဲ့စည်းသွားရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဆောင်သွားရေး အချက်လေးချက်ကို အဆိုပြုခဲ့ပြီး၊ ကေအိုင်အိုဘက်က နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ဖို့နဲ့ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေးအဖွဲ့တွေဖွဲ့ဖို့ အချက်နှစ်ချက်ကို အဆိုပြုခဲ့ပါတယ်။

အဆိုပြုချက်ထဲမှာ အဓိကအချက် တစ်ခုအနေနဲ့ တောင်သူလယ်သမားတွေ၊ စစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေတွေကို နှစ်ဖက်အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က RFA ကို အခုလို ပြောကြားပါတယ်။

"ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆက်လက်အကောင်အထည်ဖော်တဲ့အခါမှာ အပစ်အခတ်ကို ဒီအတိုင်းပဲ နှစ်ယောက်သဘောတူနဲ့ ယုံကြည်မှုတည်ဆောက်နေဆဲပဲဖြစ်ပြီးအစကတော့ တောင်သူလယ် သမားတွေတို့၊ဒုက္ခသည်စခန်းတွေကို ရောက်နေတဲ့အဖွဲ့တွေရဲ့ဘဝကို ဆွေးနွေးတဲ့နှစ်ဖက်သော အဖွဲ့အစည်းတွေကပေါ့ စာနာထောက်ထားပြီးတော့ သူတို့အကြောင်းကို အဓိကထားပြီး ခေါင်းစဉ်တစ်ခုဆွေးနွေးတယ်၊ သူတို့ဆီမှာလည်း အစီအစဉ်ရှိပါတယ်၊ သို့သော်လည်းပဲ သူတို့ဒီဘက်က ဦးအောင်မင်းကို တင်ပြဆွေးနွေးတဲ့ အချက်အလက်ပေါ်မှာ အခြေခံပြီးတော့ သူတို့ဗဟိုကော်မတီကို တင်ပြပါမယ်လို့ အဲလိုပြောသွားပါတယ်"

ဒီဆွေးနွေးပွဲမှာ အစိုးရဘက်က သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ကာကွယ်ရေးဝန်ကြီးဌာနက စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနဲ့ သမ္မတ အကြံပေးအဖွဲ့တွေအပါအဝင် အဖွဲ့ဝင် ၂၀ ခန့်ပါးတက်ရောက်ခဲ့ကြပြီး၊ ကေအိုင်အိုဘက်က ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်၊ ဗဟိုအုပ်ချုပ်ရေးဌာန ဒုတိယတာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရောင်၊ ဗိုလ်မှူးကြီး လဖိုင်လ အပါအဝင် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ)အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့လည်း တက်ရောက်ခဲ့ကြပါတယ်။

ပြည်ပလေ့လာစောင့်ကြည့်ရေး အဖွဲ့တွေအနေနဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာဗီဂျေနမ်ဘီယား အပါအဝင် ကချင်ပြည်နယ်မှာ သြဇာရှိတဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ လူမှုရေးအဖွဲ့အစည်းတွေနဲ့ တရုတ်အစိုးရ ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။

ကေအိုင်အိုဖက်က ဒီနေ့အဆိုပြုချက်တွေကို ကေအိုင်အို ဗဟိုကော်မတီနဲ့ လူထုထံတင်ပြပြီး လာမယ့်မေလ ၃၀ ရက်နေ့မှာ ထပ်မံဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။ ဒီငြိမ်းချမ်းရေးဆွေးနွေးနဲ့ ပတ်သက်လို့ RFA သတင်းထောက် ကိုကျော်မျိုးမင်း သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

ဒီငြိမ်းချမ်းရေး ဆွေးနွေးတက်ရောက်နေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်နဲ့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေတို့ကို RFA သတင်းထောက် မဇင်မာဝင်းက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။