ကချင်မှာတိုက်ပွဲပြင်းထန်ချိန် တရုတ်နဲ့ KIO ခေါင်းဆောင်တို့ တွေ့ဆုံ
2024.12.09
ကချင်ပြည်နယ်က ဗန်းမော်နဲ့ မံစီမြို့တွေမှာ တိုက်ပွဲပြင်းထန်နေချိန် တရုတ်အာဏာပိုင်တွေနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA/KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့အဖွဲ့တို့ ဒီဇင်ဘာလ ၈ ရက် မနေ့ကစပြီး တရုတ်နိုင်ငံထဲမှာ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေတယ်လို့ KIO သတင်းနဲ့ပြန်ကြားရေး တာဝန်ခံဗိုလ်မှူးကြီး နော်ဘူက RFA ကို ဒီနေ့ ပြောပါတယ်။
“မနေ့က သွားလိုက်တာတော့ ဟုတ်တယ်။ ခါတိုင်းလည်း တစ်လတစ်ကြိမ် ဒါမှမဟုတ် နှစ်လ တစ်ကြိမ်လောက် ပုံမှန်တွေ့တာပဲ။ ဘာတွေ ဆွေးနွေးကြမယ်ဆိုတာတော့ မသိသေးဘူး သွားတာတော့သွားကြပြီ”
ဒီတွေ့ဆုံမှုမှာ တရုတ်အာဏာပိုင်တွေဘက်က ဘယ်သူတွေပါလဲဆိုတာနဲ့ တွေ့ဆုံမှုလုပ်တဲ့နေရာကို မသိရသေးဘူးလို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ ကချင်ပြည်နယ်က နယ်စပ်စခန်းအားလုံးကို KIA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တရုတ်ဘက်ကလည်း နယ်စပ်ဂိတ်တွေ ပိတ်လိုက်တာကြောင့် ကချင်မှာရှိတဲ့ နယ်စပ်ကုန်သွယ်ရေးအားလုံး ရပ်ဆိုင်းနေပါတယ်။
တရုတ်အာဏာပိုင်တွေနဲ့ KIO တွေ့ဆုံမှု အခြေအနေကို အသေးစိတ်သိရဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေလ်းကနေ တစ်ဆင့် ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
အခုနှစ် ဩဂုတ်လထဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA/ KIO) ဒုတိယဥက္ကဋ္ဌ ဒူးဝါးဂမ်ရှောင်ဦးဆောင်တဲ့အဖွဲ့ တွေ့ဆုံခဲ့ပါသေးတယ်။
ကချင်နိုင်ငံရေးသုတေသီ ကိုရှဘတ်ကတော့ အခုတွေ့ဆုံပွဲမှာ နယ်စပ်ဒေသတည်ငြိမ်ရေး၊ နယ်ကုန်သွယ်ရေးဂိတ်တွေ ဖွင့်ဖို့နဲ့ အနောက်နိုင်ငံတွေနဲ့ ခပ်ကင်းကင်းနေဖို့ ဖိအားပေးတာ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။
“ကျွန်တော်မြင်တာကတော့ အဓိကအားဖြင့်တော့ အချက်သုံးချက်မြင်ပါတယ်။ ပထမတစ်ချက်ကတော့ နယ်စပ်ဒေသ တည်ငြိမ်ရေးဆိုတဲ့ သူတို့ပြောနေကြအတိုင်းပဲပေါ့လေ။ နောက်တစ်ခုက ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ်တစ်လျှောက်မှာ နယ်စပ်ကုန်သွယ်ရေး တံခါးပေါက်တွေကို တစ်ဖက်နဲ့ တစ်ဖက်ပိတ်ထားကြတာတွေရှိတယ်။ ဆိုတော့ ဒီကိစ္စတွေ ဘယ်လိုအဖြေရှာ ဆောင်ရွက်နိုင်မလဲ၊ ဘယ်လိုလုပ်ဆောင်မလဲဆိုတာတွေကို ဆွေးနွေးနိုင်ပါတယ်။ ပြီးတော့ အနောက်နိုင်ငံတွေနဲ့ ခပ်ကင်းကင်းနေဖို့ အဲဒီက အကူအညီတွေ တရုတ်နယ်စပ်ကို မရောက်လာနိုင်အောင် ကြိုသတိပေးတဲ့ အခြေအနေလို့ သုံးသပ်ပါတယ်”
အောက်တိုဘာ လဆန်းပိုင်းကစပြီး တရုတ်ဖိအားကြားက မြေရှားသတ္တုထွက်တဲ့ ချီဖွေ၊ ဆော့လော်မြို့နဲ့ နယ်စပ်မြို့တွေဖြစ်တဲ့ ပန်ဝါ၊ ကန်ပိုက်တီ မြို့တွေကို ထိန်းချုပ်ခဲ့ပြီးနောက် ခရိုင်မြို့ဖြစ်တဲ့ ဗန်းမော်မြို့ကို KIA က ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
အခုနှစ်အတွင်းမှာပဲ KIA ဟာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ ၁၃ မြို့ကို ထိန်းချုပ်ထားပါတယ်။