ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရှေ့ဆက်ဖို့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ KIO ဆွေးနွေး

0:00 / 0:00

အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ဗိုလ်ချုပ် ဂွမ်မော် ခေါင်းဆောင်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကိုယ်စားလှယ်အဖွဲ့တို့ ပြည်တွင်းငြိမ်းချမ်းရေးကို ဘယ်လိုပုံစံနဲ့ အဆုံးသတ်ဖော်ဆောင်မလဲဆိုတာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဒီနေ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

KIA ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး နော်ဘူက ပြည်တွင်းငြိမ်းချမ်းရေးကို အစိုးရအနေနဲ့ ဘယ်လိုပုံစံနဲ့ ဖော်ဆောင်မလဲဆိုတာကို ဦးတည်ဆွေးနွေးမယ်လို့ RFA ကို ဒီနေ့ ပြောပါတယ်။

တပ်မတော်က လာမယ့် ဧပြီလ ၃၀ ရက်နေ့အထိ စစ်တိုင်း ၅ ခုမှာ စစ်ဆင်ရေးတွေ ရပ်ဆိုင်းထားပြီး NCA အပစ်ရပ်စာချုပ် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ ထုတ်ပြန်ထားတဲ့အတွက် ဒီ ၄ လ ကာလအတွင်း ဆွေးနွေးရေးလုပ်ငန်းတွေကို ဘယ်လို အစီအစဉ်ချမှတ်ထားလဲ သိလိုကြောင်း KIO က NRPC ကို ဒီနေ့ ပေးပို့တဲ့ စာမှာ ဖော်ပြထားပါတယ်။

ဒီနေ့ တွေ့ဆုံပွဲဟာ ငြိမ်းချမ်းရေး ကော်မရှင် နဲ့ NCA လက်မှတ်မထိုးထားတဲ့ KIO အဖွဲ့တို့ကြား ပြည်တွင်းငြိမ်းချမ်းရေးကို ဘယ်လိုပုံစံနဲ့ ရှေ့ဆက်ဖော်ဆောင်မလဲဆိုတာနဲ့ NCA လက်မှတ်ထိုးပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ပါဝင်လာနိုင်ရေး အချက်တွေကို အခြေခံ ဆွေးနွေးကြတာဖြစ်ပါတယ်။

KIA ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး နော်ဘူက ဒီနေ့ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ RFA ကို အခုလို ပြောပါတယ်။

"ဒီတစ်ခေါက်တော့ KIO တစ်ဖွဲ့ထဲနဲ့ ပဲထင်တယ် ။ ဒါပေမဲ့ မူအားဖြင့်တော့ ခုနပြောသလို မြောက်ပိုင်းက အဖွဲ့တွေ အားလုံးနဲ့ ဆွေးနွေးချင်တယ်ဆိုတဲ့ သဘောမျိုးတော့ ရှိပါတယ်။ ဒီနေ့တော့ KIO တစ်ဖွဲ့ထဲနဲ့ပဲ ထင်တယ်။ သူတို့ပါလား၊ မပါလားတော့ အသေးစိတ် မသိပါဘူးခင်ဗျ။ အဓိကကတော့ ပြည်တွင်းငြိမ်းချမ်းရေးကို ဘယ်လိုအဆုံးသတ်မလဲပေါ့နော်။ အဲဒါတွေကတော့ အဓိက ရည်ရွယ်ချက်တွေပါ"

အဲဒီဆွေးနွေးပွဲက ရရှိလာတဲ့ အချက်တွေကို KIO ဗဟိုကော်မတီမှာ အကျေအလည် ပြန်ဆွေးနွေးပြီးမှသာ အသေးစိတ်ပြောနိုင်မယ်လို့ နော်ဘူက ပြောပါတယ်။

တစ်ဆက်တည်းမှာပဲ မြောက်ပိုင်းမဟာမိတ် FPNCC အဖွဲ့ဝင် AA ရခိုင်အဖွဲ့၊ ကိုးကန့် MNDAA၊ တအာင်းပလောင် TNLA အဖွဲ့တွေဟာ KIA နည်းတူ အစိုးရ တပ်မတော်နဲ့ တစ်ဖွဲ့ချင်းအလိုက် နှစ်ဖက်အပစ်အခတ်ရပ်စဲရေး စာချုပ်မရှိသေးတဲ့အတွက် အဲဒီ ၄ ဖွဲ့နဲ့ အတူတကွ ဆွေးနွေးလိုတယ်လို့ KIO က တောင်းဆိုထားပါတယ်။

ဒီနေ့ တွေ့ဆုံပွဲမှာ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC က ဆွေးနွေးတဲ့ အချက်တွေကို KIO ဗဟိုကော်မတီနဲ့ ဆွေးနွေးပွဲကို မတက်ရောက်နိုင်တဲ့ ကျန်တဲ့ ၃ ဖွဲ့ကို ဆက်လက်တင်ပြသွားမှာဖြစ်တယ်လို့ သိရပါတယ်။

KIA အဖွဲ့က အဆိုပြုချက်မှာ ဖော်ပြထားတာနဲ့ ပတ်သက်လို့ RFA က AA၊ ကိုးကန့် နဲ့ တအာင်းပလောင် TNLA အဖွဲ့တွေကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဒီနေ့ ညနေ ပိုင်းအချိန်အထိ ဆက်သွယ်လို့ မရသေးပါဘူး။

အမည်မဖော်လိုတဲ့ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် တစ်ဦးကတော့ အစိုးရ ရဲ့ ရပ်တည်ချက်က ကျန်နေသေးတဲ့ အဖွဲ့တွေ NCA လက်မှတ်ထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်လာဖို့ ဦးတည် ဆွေးနွေးမှာဖြစ်တယ်လို့ ပြောပါတယ်။

ဒီနေ့လယ်ပိုင်းမှာလည်း UWSA “ဝ” ၊ မိုင်းလား အဖွဲ့တို့နဲ့ ငြိမ်းချမ်းရေး ကော်မရှင်တို့ တွေ့ဆုံခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် RFA က သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒီနေ့ ဆွေးနွေးပွဲဖြစ်မြောက်ဖို့ ကူညီပေးခဲ့တဲ့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ဦးလမိုင်ဂွန်ဂျာ က တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ရှေ့ဆက်ဆောင်ရွက်ဖို့နဲ့ Bi-Literal ခေါ် နှစ်ဖက်သဘောတူညီမှုတွေ ရရှိရေးအတွက် အကြိုဆွေးနွေးကြမှာလို့ RFA ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောထားပါတယ်။

တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ရည်မှန်းပြီး ကြိုးစားမယ်လို့ KIO ဒု ဥက္ကဋ္ဌ ဗိုလ်ချုပ် ဂွမ်မော် လက်မှတ်နဲ့ NRPC အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးခင်မောင်တင်ကို ပေးပို့တဲ့ စာမှာ ပါရှိပါတယ် ခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့ထားပါတယ်။