အကျပ်အတည်းတွေကို အချိန်မီမဖြေရှင်းရင် အလုံးစုံပျက်သုဉ်းနိုင်ကြောင်း KIO ပြော

မြန်မာနိုင်ငံမှာ တိုက်ပွဲကာလကြာရှည်နေပြီး ဒီအကျပ်အတည်းတွေကို အချိန်မီ မဖြေရှင်း နိုင်ဘူးဆိုရင် တိုင်းပြည်ဟာ အလုံးစုံပျက်သုဉ်းရေးကို ရောက်ရှိသွားနိုင်တယ်လို့ ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) က ဒီကနေ့ ကြေညာချက်ထုတ်ပြီး သတိပေးလိုက်ပါတယ်။

စစ်ကောင်စီအနေနဲ့ တရားမျှတမှုနဲ့ ပြည်သူ့ဆန္ဒကို တန်ဖိုးထားဖို့ လိုအပ်တယ်လို့လည်း အချက် ၇ ချက်ပါတဲ့ KIO ရဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

"စစ်ကောင်စီအနေနဲ့ တင်းခံမနေဘဲနဲ့ ပြည်သူ့အဏာကို ပြည်သူတွေကို မြန်မြန်ပြန်အပ်ဖို့ပေါ့"

စစ်အာဏာသိမ်း တစ်နှစ်ကြာချိန်မှာ တိုက်ပွဲအရှိန်အဟုန် ပိုမြင့်လာတာကြောင့် စစ်ကောင် စီဘက်က စဉ်းစားအဖြေရှာဖို့ အခုလို တိုက်တွန်းရတာလို့ ကေအိုင်အို သတင်းနှင့်ပြန်ကြား ရေးတာဝန်ခံ ဗိုလ်မှူးးကြီး နော်ဘူ က ပြောပါတယ်။

“အရင်ကတော့ မြန်မာနိုင်ငံရဲ့စစ်ရေးတွေက ကျွန်တော်တို့ တိုင်းရင်းသားအရေးတွေ ဖြစ်ပါတယ်။ ဒီနှစ်ကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူလူထုကိုလည်း ဒီစစ်ကောင်စီဘက်ကနေ ဖိနှိပ်တာတွေ တိုက်ခိုက်တာတွေ၊ ပြည်သူလူထုတွေလည်း တော်တော်မျာများ ကြုံတွေ့ရနေတယ်၊ ခံစားနေရတဲ့ အချိန်ကာလဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုတွေလည်း ဒီပြည်တွင်းစစ်လို့ ပြောရမယ်ပေါ့၊ ဒီနွေဦးတော် လှန်ရေးတွေ အရှိန်အဟုန်က တစ်နေ့ထက် တစ်နေ့ပိုပြီးတော့ မြင့်တက်လာပါတယ်။ ဆိုတော့ အဲဒီပြသနာတွေကို တပ်မတော်ဘက်ကနေ၊ စစ်ကောင်စီဘက်ကနေ ဒါကို တာဝန်ယူပြီးမှ မဖြေရှင်းလို့ရှိရင် ပြည်သူလူထုရဲ့ဆန္ဒတွေ ကျွန်တော်တို့ တိုင်းရင်းသား တွေရဲ့ ဆန္ဒတွေကို လုံးဝ သူက နားမလည်ပေးဘူးဆိုလို့ရှိရင် မြန်မာနိုင်ငံရဲ့ ပြဿနာ တွေက ဒီထက်ပိုပြီးတော့ ဆိုးသွားလာနှိင်ပါတယ်။ တိုက်ပွဲအရှိန်လည်း ပိုပြီးတော့ မြင့်လာနိုင်ပါတယ်။ ဒီတော်လှန်ရေးလုပ်နေတဲ့ တိုင်းရင်းသားတွေ ပြည်သူလူထုတွေ အားလုံးဟာလည်း နောက်ဆုတ်သွားမှာ မဟုတ်ဘူး။ ဆိုတော့ သူက သဘောထားကြီး စွာနဲ့ တရားမျှတမှုနဲ့ တကယ် ကျနော်တို့ လိုလားတောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်လာဖို့ ဝိုင်းဝန်းကူညီဖို့ ဝိုင်းဝန်းပြီးမှ ဆွေးနွေးဖို့ပေါ့နော်။ သူ့ကို ကျနော်တို့ တိုက်တွန်းထားတာဖြစ်ပါတယ်”

မကြာခင်ရောက်လာတော့မယ့် တရုတ်နှစ်သစ်ကူးကာလအတွင်း နယ်စပ်ဒေသ အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ စစ်ပွဲတွေ ရပ်တန့်စေချင်ကြောင်း တရုတ်ဘက်က တိုက်တွန်းထား တာကြောင့် ဒါကို ဒေသတွင်းတည်ငြိမ်ရေးအတွက် အလေးထား စဉ်းစားရမယ်လို့လည်း KIO က တိုက်တွန်းထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံက ပြဿနာတွေမှာ တော်လှန်ရေးသမားတွေဘက်က တိုက်ချင်လို့ တိုက်နေရတာ မဟုတ်ဘဲ စစ်ကောင်စီဘက်က မလျှော့လို့ တိုက်နေရတယ်ဆိုတာကို KIO က ပေါ်လွင်စေချင်လို့ အခုလို ထုတ်ပြန်တာလို့ တရုတ်နိုင်ငံရောက် မြန်မာ့အရေး လေ့လာ သုံးသပ်သူ ဒေါက်တာ လှကျော်ဇော က သုံးသပ်ပါတယ်။

“တကယ်တော့ တော်လှန်ရေးတစ်ရပ်ကို ဆင်နွယ်တယ်ဆိုလို့ရှိရင် ကျမတို့က ဘက်နှစ် ဖက်က အမြဲပြင်ဆင်ရတယ်။ တဖက်ကလည်းဟုတ်တယ် ကျွန်မတို့ လက်နက်ကိုင် တော်လှန်ရေးနဲ့ ချေမှုန်းနိုင်မယ်ဆိုတာ။ တဖက်ကလည် တတ်နိုင်သမျှ စေ့စပ်တာဆွေး နွေးတာ ဒီကြားထဲမှာ ပြည်သူလူထု အထိမနာအောင် ဘယ်လိုလုပ်မယ် ဘာမယ်ဆိုတာ အမြဲမပြတ် သူ့ခြေလှမ်းနဲ့သူ စဉ်းစားရတယ်။ အဲတော့ ကေအိုင်အေ အနေနဲ့ကလည်း သူအနေနဲ့ တဘက်ကလည်း သူပြောသလိုပဲ သူဆီပြေးလာတဲ့ သူတွေပဲဖြစ်ဖြစ် CDM တွေဖြစ်ဖြစ် PDF တွေပဲဖြစ်ဖြစ် တဘက်ကလည်း အကူအညီပြုသလိုပဲ၊ တဘက်က လည်း စစ်တပ်ကို နည်းနည်း ပျော့ပြောင်းလာအောင်ပေါ့ဗျာ၊ စစ်တပ်ကတော့ သူ့ အတွက် သေမထူးနေမထူးဖြစ်နေပြီ ပျော့ပြောင်းမှာ မဟုတ်ဘူး။ ဒါပေမဲ့ ပြည်သူလူထု မျက်စိရှေ့မှောက်မှာ ပွင့်ကျသွားဖို့လိုတယ်။ သဘောက ကျမတို့ တော်လှန်ရေးသမား တွေက တိုက်ချင်လို့ တိုက်နေကြတာ မဟုတ်ပါဘူး။ တဖက်က မလျှော့ပေးလို့ပါဆို တာကို ပေါ်လွင်အောင် လုပ်ဖို့လိုတယ်ဗျ။ အဲဒီအတွက် ဒါတွေကို ဆက်ပြီးတော့ သူ ပြောနေရတယ်ထင်တယ်”

KIO ရဲ့ထုတ်ပြန်ချက်မှာ တရုတ်နှစ်သစ်ကူးအကြောင်း ဖော်ပြထားပေမယ့် KIO ဟာ တရုတ်နိုင်ငံရဲ့ စကားကို အမြဲနားထောင်တာမျိုး မဟုတ်ကြောင်း၊ တိုင်းရင်းသားအရေးနဲ့ ကိုယ့်နိုင်ငံသားတွေရဲ့ အရေးကိုသာ ပိုပြီး အလေးထားကြောင်း၊ ကချင်နဲ့ တရုတ် နယ်စပ် ချင်းထိစပ်နေတာကြောင့် တချို့ကိစ္စတွေမှာ နှစ်ဖက်အဆင်ပြေရေးကို ထည့်သွင်းပြောဆို တာသာ ဖြစ်ကြောင်းလည်း ဒေါက်တာ လှကျော်ဇောက မှတ်ချက်ပေး ပြောဆိုသွားပါ တယ်။

မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က KIO ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်ကို ကြိုဆိုလိုက်ပြီး လက်ရှိ စစ်အာဏာရှင် ခုခံတော်လှန်ရေးတိုက်ပွဲမှာ အခြားတိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ပါဝင်မှုကိုလည်း အားရကျေနပ်တယ်လို့ ပြောပါတယ်။

“၈ လေးလုံးကာလက တိုင်းရင်းသား ပြည်သူလူထုရဲ့ ပါဝင်မှုနဲ့ EAO တွေရဲ့ ပါဝင်မှုဟာ အခုလိုမျိုးသာဖြစ်မယ်ဆိုရင် အဲဒီ ရှစ်လေးလုံး ကာလကတည်းက ကျနော်တို့ စစ်အာ ဏာရှင်စနစ်ကို မြေမြှုပ်သင်္ဂြိုဟ်နိုင်တဲ့ အခြေအနေရှိပါတယ်။ ဒီလို အခြေအနေရောက် ဖို့အတွက် ကျနော်တို့က ခါးသီးနာကျင်စရာကောင်းတဲ့ တန်ဖိုးတွေပေးပြီးတော့ နှစ် ပေါင်း ၃၀ လောက် ဖြတ်သန်းခဲ့ရတာ။ ဒီနေ့မှ ဒီအခြေအနေကို ရောက်ရှိလာတာပါ။ ဒါကြောင့်မို့ ဒီနေ့ရောက်ရှိနေတဲ့ အခြေအနေဟာ ကျနော်တို့ ပြည်သူတွေရဲ့ အောင်ပွဲကို မြင်နေရတဲ့ကာလဖြစ်တယ်။ အားရကျေနပ်မှုရှိတယ်လို့ ကျွန်တော်ကတော့ ပြောချင်ပါ တယ်”

NUG ရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ တူးခေါင် ကလည်း KIO ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်ကို ကြိုဆိုလိုက်ပြီး စစ်ကောင်စီအနေနဲ့ တင်းခံမနေဘဲ ပြည်သူ့အာ ဏာ ပြည်သူ့လက်ထဲ ပြန်အပ်ဖို့ အရေးကြီးတယ်လို့ RFA ကို ပြောပါတယ်။

“မြန်မြန် မဖြေရှင်းဘူးဆိုရင် အလုံးစုံ ပျက်သုဉ်းရေးကို သွားမှာပဲ။ မဖြစ်မနေ သွားမှာပဲ။ အလုံးစုံပျက်သုဉ်းရေးဆိုတဲ့အခါမှာ အခုဆိုရင် စီးပွားရေးကလည်း အားလုံး မပြေလည် တော့ဘူး။ နောက် ပညာရေး၊ လူမှုရေး အားလုံးပေါ့၊ အားလုံး ကျဆုံးနေတဲ့ နိုင်ငံဖြစ်နေ တယ်။ တကယ်တော့ fail state ဖြစ်သွားတဲ့သဘောမျိုး ကျနော်တို့က ရှိနေတယ်။ အဲတော့ ဒါကို ဖြေရှင်းဖို့ဆိုတာက ပြောမယ်ဆိုရင်တော့ စစ်ကောင်စီအနေနဲ့ တင်းခံ မနေဘဲနဲ့ ပြည်သူ့အဏာကို ပြည်သူတွေကို မြန်မြန်ပြန်အပ်ဖို့ပေါ့။ ဒါအင်မတန် အရေး ကြီးပါတယ်။ သူအနေနဲ့ ဒါအာဏာရှင်လမ်းကြောင်းထဲကို ဆက်ပြီးတော့ မိုက်ရူးရဲဆန် ပြီးတော့ ဆက်ပြီးသွားမယ်ဆိုရင် မြန်မာနိုင်ငံဟာ ပိုပြီးတော့ ကျပ်တည်းမှုနဲ့ နောက်ဆုံး တော့ အလုံစုံ ပျက်သုဉ်းရေးကိုသွားမှာ။ အဲဒါကိုတော့ မလွဲမသွေဖြစ်တယ်ပေါ့။ ဒါကို ဖြေရှင်းဖို့ဆိုရင်တော့ ပြည်သူ့အဏာ ပြည်သူ့လက်ထဲ ပြန်အပ်ဖို့ပဲ။ အဲဒါပဲရှိတာ”

kia-pdf.jpg
(ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ PDF တပ်ဖွဲ့ဝင်ချို့ကို တွေ့ရစဉ်) Photo: The Kachin Digest

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဟာ ပြီးခဲ့တဲ့ NLD အစိုးရ ငါးနှစ်သက်တမ်းအတွင်း Bilateral လို့ ခေါ်တဲ့ ပဏာမအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ထိုး နိုင်ဖို့အတွက် အစိုးရနဲ့ စစ်တပ် ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့နဲ့ အကြိမ်ကြိမ် တွေ့ဆုံညှိုနှိုင်းခဲ့ဖူးပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ စစ်တပ်ရဲ့ ဖိနှိပ် သတ်ဖြတ်မှုတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ကျောင်းသား၊ လူငယ်တွေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို KIO က ခိုလှုံခွင့် ပေးထားပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာလည်း ဒေသခံ PDF တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်နေပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကနေ ဒိကနေ့ ၂၀၂၂ ဇန်နဝါရီ ၂၆ ရက်အထိ တစ်နှစ်နီးပါးကာလအတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကချင်တောင်ပိုင်း နဲ့ ထိစပ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲပေါင်း အကြိမ် ၄၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။

ဒီပြောဆိုချက် အပါအဝင် ကေအိုင်အိုရဲ့ ဒီကနေ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အမြင်သ ဘောထား သိနိုင်ဖို့အတွက် စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က အကြိမ်ကြိမ် ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။