ကာကွယ်ရေးဦးစီးချုပ် အာဏာယူပြီးနောက် တစ်နိုင်ငံလုံး ခက်ခဲနေတယ်လို့ KIO ထုတ်ပြန်

2021-02-17
Share
ကာကွယ်ရေးဦးစီးချုပ် အာဏာယူပြီးနောက် တစ်နိုင်ငံလုံး ခက်ခဲနေတယ်လို့ KIO ထုတ်ပြန် စစ်အာဏာရှင်ဆန့်ကျင်ရေး မြစ်ကြီးနားမြို့မှာ ၂၀၂၁ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်
Photo: RFA

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အာဏာရယူပြီးနောက် ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်တွေ၊ ခေါင်းဆောင်တွေ၊ နိုင်ငံ့ဝန်ထမ်းတွေနဲ့ အရပ်သားတွေကို ဖမ်းဆီးထိန်းသိမ်းထားတဲ့အတွက် တစ်နိုင်ငံလုံး အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရတယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ချုပ် KIO က ကြေညာချက် ထုတ်ပြန် ပြောလိုက်ပါတယ်။

အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းဖို့ ပြည်သူတွေရဲ့ ကြိုးပမ်းနေမှုတွေကို ကြိုဆိုပြီး တစ်နိုင်ငံလုံးက ဆန္ဒပြ နေသူတွေကို အကြမ်းဖက်ဖြိုခွင်းတာတွေ၊ ပစ်ခတ်နှိမ်နှင်းတာတွေ မလုပ်ဖို့ မှန်ကန်တဲ့နည်းနဲ့ ဖြေရှင်းဖို့ ကေအိုင်အိုက စစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။

လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို ပိုမိုခက်ခဲရှုပ်ထွေးစေမယ့် ကြံစည်မှုတွေ မလုပ်ဖို့နဲ့ ဖမ်းဆီးထိန်းသိမ်း တာတွေ ထပ်မံမလုပ်ဖို့လည်း လိုတယ်လို့ ပြောပါတယ်။

ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေရဲ့ သဘောထား၊ နိုင်ငံတကာ တိုက်တွန်းချက်တွေ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ အကြံပြုချက်တွေကို တန်ဖိုးထားပြီး ဖြေရှင်းဖို့လိုတယ်လို့လည်း KIO က သဘောထားထုတ်ပြန်ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကတော့ အာဏာသိမ်းမှုကို ရုပ်သိမ်းပြီး ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားသလို တခြားနိုင်ငံတွေနဲ့ လက်တွဲ ပြီး လိုအပ်သလို အရေးယူမယ်လို့လည်း ပြောထားပါတယ်။

စစ်ကောင်စီက ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်အာဏာသိမ်းခဲ့ပြီး လူထုက လမ်းပေါ်ထွက် ဆန္ဒပြမှုတွေကို ဖေဖော်ဝါရီလ ၆ ရက်နေ့က စတင်နေခဲ့ပါတယ်။ အစိုးရဝန်ထမ်းတွေကလည်း အလုပ်မဆင်းဘဲ အာဏာဖီဆန် ရေးလှုပ်ရှားမှုတွေကို ဆောင်ရွက်နေပါတယ်။

တိုင်းနဲ့ပြည်နယ်အသီးသီးမှာ စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေက အရှိန်အဟုန်နဲ့ ဆက်ရှိနေဆဲဖြစ် ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့