တပ်မတော်သားတွေအနေနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးမှာပါဝင်ပြီး ပြည်သူတွေနဲ့ ပူးပေါင်းကြဖို့ ကယား ပြည်နယ်အခြေစိုက် ကရင်နီအမျိုးသားကာ ကွယ်ရေးတပ် (KNDF) က ကြေညာချက်ထုတ် ဖိတ်ခေါ်ထား ပါတယ်။ တပ်မတော်သားတွေ ပြည်သူနဲ့ ပူးပေါင်းလာမယ်ဆိုရင် လုံခြုံရေးအတွက်လည်း အထူးအာမခံ ပေးမှာဖြစ်သလို ဆုငွေတွေလည်း ချီးမြင့်မယ်လို့ KNDF က ဆိုပါတယ်။ လူထုဘက်က ရပ်တည်ချင်တယ် ဆိုရင် ဘာမှစိတ်မပူဘဲ ချက်ချင်းလာခဲ့ပါလို့ KNDF ပြောခွင့်ရှိသူတစ်ဦးက အခုလို ပြောပါတယ်။
“တပ်ဆိုတာမျိုးကတော့ အမိန့်တွေနဲ့ချည်းပဲ သွားရတာပေါ့နော်။ တချို့ရင်ဆိုင်တိုက်ပွဲဖြစ်တဲ့ တပ်တချို့ ကလည်း ဒီအပေါ်ကို သိပ်သဘောကျပုံမရပါဘူး။ တကယ်တမ်း စိုးရိမ်စိတ်တွေ များကြတယ်။ ထွက်သွား ခဲ့ရင် လူထုတွေက တမျိုးမြင်မှာလည်း စိုးတယ်။ အမှန်တကယ် ပူးပေါင်းလိုတယ်။ လုပ်လိုတယ်ဆိုရင် စေတနာအရင်းအမှန်နဲ့ လူထုဖက် ရပ်လိုတယ်ဆိုရင် ချက်ချင်းလာခဲ့ပါ။ ကျွန်တော်တို့ လူထုနဲ့ ညှိနှိုင်းပြီး အဆင်ပြေပြေ ကိုင်တွယ်ဖြေရှင်းပေးမယ်ဆိုတာ ပြောပြချင်တယ်”
စစ်ဗိုလ်ချုပ်တွေက သူတို့ရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့ အောက်ခြေစစ်သားတွေရဲ့ အသက်၊ သွေး၊ ချွေးတွေကို ဖြုန်းတီးနေတယ်လို့ သြဂုတ်လ ၂၀ ရက်နေ့က ထုတ်ပြန်တဲ့ KNDF ရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။
ကရင်နီ (ကယား) ပြည်နယ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း CDM လုပ်တဲ့ တပ်မတော်သားတွေ အနည်းငယ်ရှိပေမယ့် KNDF တပ်ဖွဲ့ကို တရားဝင်လာရောက်ပူးပေါင်းတဲ့ တပ်မတော်သားတွေ လောလော ဆယ်မှာ မရှိသေးဘူးလို့ KNDF ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
"သူတို့က ထွက်လာလို့ရနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့က လုံခြုံမှုကို ပေးပြီးသားပဲ"
တပ်မတော်သားတွေကလည်း ပြည်သူထဲက ပေါက်ဖွားလာတဲ့ ပြည်သူဖြစ်နေတဲ့အတွက် လာရောက်ပူးပေါင်း မယ်ဆိုရင် အမြဲကြိုဆိုဖိတ်ခေါ်တယ်လို့ ကယားပြည်နယ်က အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါ တယ်။
“အကြမ်းမဖက်ဘဲ ရိုးရိုးဆန္ဒပြကတည်းက ကျွန်တော်တို့ ဖိတ်ခေါ်တယ်။ CDM လုပ်ကြပါတယ်။ တပ်မတော်သားတွေက အဓိကပေါ့နော်။ တချို့ကလည်း ထွက်လာနိုင်တယ်။ တချို့ဆိုရင်လည်း မထွက်လာနိုင်ဘူး။ ဒါပေမဲ့ သူတို့စိတ်ထဲမှာ ကျွန်တော် ယုံကြည်တယ်။ သူတို့စိတ်ထဲမှာ ထွက် လာချင်ပါလိမ့်မယ်။ တပ်တွင်းထဲက သူတို့ခေါင်းဆောင်တွေရဲ့ ယုတ်မာမှုဆိုတာ ကျွန်တော်တို့ နားလည်ပြီးသား။ တစ်ခုရှိတာက သူတို့က ထွက်လာလို့ရနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့က လုံခြုံမှုကို ပေးပြီးသားပဲ။ ပြည်သူကြားမှာနေတာ သူတို့အတွက် လုံခြုံမှာပါ။ ပြည်သူကြားမှာ ထွက်လာမယ်ဆိုရင် သူတို့အတွက် နွေးထွေးမှာပါ”
ဒီလိုတပ်မတော်သားတွေကို သူတို့နဲ့ လာပူးပေါင်းဖို့ KNDF ရဲ့ ဖိတ်ခေါ်ချက်ဟာ တပ်မတော်သားတွေကို စိတ်ဓာတ်ရေးရာ ဖြိုခွဲဖို့ ကြိုးစားတာလို့ ရှုမြင်ကြောင်း စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူ ဟာ လေ့လာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောပါတယ်။
“သေချာတာက ဒါနဲ့ပတ်သက်ပြီး အကျိုးသက်ရောက်မှု ကြီးကြီးမားမားမဖြစ်နိုင်ပါဘူး။ တစ်ဖက်ကို ကူူးပြောင်းသွားတဲ့သူတွေ ရှိကောင်းရှိနိုင်ပေမယ့် အခြေအနေ အရပ်ရပ်ကြောင့်ဖြစ်နိုင်ပါတယ်။ နံပါတ်တစ်က တခါတလေ ကိုယ့်အသက်အန္တရာယ် စိုးရိမ်ရလို့ ကူးပြောင်းတာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် စပြီးတော့ တပ်ထဲကို ဝင်လာကတည်းက စိတ်ဓါတ်ရေးရာ သေချာမခိုင်ဘူး။ ကိုယ်ကျိုးစီးပွားကို မျှော်လင့်ထားတဲ့သူမျိုးတွေကျရင်တော့ ဒါမျိုးကျရင် သိပ်ကူးပြောင်းရတာ အင်မတန် လွယ်ကူပါတယ်”
ချင်းပြည်နယ်က ဒေသခံခုခံကာကွယ်ရေးတပ်ဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ မင်းတပ် CDF တပ်ဖွဲ့ကလည်း အာဏာသိမ်း စစ်ကောင်စီတပ်ဘက်ကနေ ထွက်ပြေးလာပြီး လက်နက်အပြည့်အစုံနဲ့ ပြည်သူတွေဘက်လာရောက် ပူးပေါင်း တဲ့ စစ်သားတွေကို ဆုငွေ သိန်း ၅၀ ပေးမယ်လို့ သြဂုတ်လ ၁၀ နေ့က ကြေညာချက်ထုတ် ကမ်းလှမ်းထား ပါတယ်။

ဒီလိုလာပူးပေါင်းတဲ့သူတွေကို ဆုငွေအပြင် ပြည်ပနိုင်ငံ တစ်ခုခု ဒါမှမဟုတ် သွားချင်တဲ့ နေရာတစ်ခုခုကို စီစဉ်ပေးသွားမယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းပြီးနောက် တပ်မတော်သားတွေဟာ အမိန့်မနာခံရေး CDM လူထုလှုပ်ရှားမှုမှာ ပါဝင်ပြီး တပ်က ထွက်ပြေး ပြည်သူနဲ့ ပူးပေါင်းသွားတာတွေရှိနေပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် CDM လုပ်ပြီး ပြည်သူနဲ့ ပူးပေါင်းခဲ့တဲ့ အရာရှိ စစ်သည် အင်အား ၈၀၀ လောက်ရှိတယ်လို့ CDM တပ်မတော် သားတွေကို စာရင်းပြုစုနေတဲ့အဖွဲ့က ဦးဆောင်သူတစ်ဦးဖြစ်တဲ့ CDM ဗိုလ်ကြီး လင်းထက်အောင်က RFA ကို ပြောထားပါတယ်။