နှစ်နှစ်အတွင်း စစ်ကောင်စီဘက်က လက်နက် ၆၀၀ ကျော်သိမ်းဆည်းနိုင်ခဲ့ကြောင်း KNDF ပြော

ကယားပြည်နယ်မှာ နှစ်နှစ်အတွင်း တိုက်ပွဲ ၁၀၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဘက်က လက်နက်မျိုးစုံ ၆၀၀ ကျော် ရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) ဥက္ကဋ္ဌ ခွန်ဘီထူးက မေလ ၃၁ ရက်မှာ ပြောပါတယ်။

၂၀၂၁ ခုနှစ် မေလ ၃၁ ရက်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဟာ ဒီကနေ့ ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်မှာ နှစ်နှစ်ပြည့်ပြီဖြစ်ပါတယ်။

အဲ့ဒီနှစ်နှစ်အတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပေါင်း ၁၀၀၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ KNDF ဥက္ကဋ္ဌ ခွန်ဘီထူးက ပြောပါတယ်။

"KNDF က၂ နှစ်အတွင်းမှာ စစ်ကောင်စီကို တိုက်ပွဲပေါင်း ၁၀၀၀ ကျော် တိုက်ခိုက်ခဲ့တယ်၊ စခန်းငယ်ပေါင်း ၁၀ ခုကိုသိမ်း ယူနိုင်ခဲ့ပြီး လက်နက် ၆၀၀ ကျော်သိမ်းဆည်းရမိခဲ့တယ်၊ ၂ နှစ်အတွင်းမှာ KNDF က တပ်ရင်းတွေကို စီမံနိုင်ပြီး လက်နက်ထုတ်လုပ် ဝယ်ယူနိုင်ခဲ့တာတွေလည်း တိုးတက်လာပြီး၊ တိုက်ခိုက်ရေးစွမ်းရည်တွေနဲ့ နည်းပညာဗျူဟာတွေလည်း တိုးတက်ခဲ့ပါတယ်"

အဲဒီတိုက်ပွဲတွေမှာ KNDF ဘက်က တပ်သား ၁၅၃ ဦးသေဆုံးခဲ့တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း လက်နက်ခဲယမ်းတွေနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ စစ်ရေးအကူညီတွေကို မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော်(AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA) နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) တို့ဆီက ရရှိခဲ့တယ်လို့ လည်း KNDF က ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကလည်း KNDF ရဲ့ စစ်ရေးနဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ အမြန်ဆုံးပြည့်ဝစေလိုကြောင်း နှစ်နှစ်ပြည့်အတွက် သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

KNDF ဟာ ကယားပြည်နယ်အတွင်း တပ်ရင်း ၂၂ ရင်းနဲ့ စစ်ဗျူဟာ ၆ ခုရှိပြီး ကရင်နီပြည် အတိုင်ပင်ခံကောင်စီ(KSCC) ရဲ့ နိုင်ငံရေးလမ်းညွှန်မှုအောက်မှာလှုပ်ရှားနေပါတယ်။