ကနဲလေးရွာ ၂၅ ဦး သတ်ဖြတ်မှု KNDO ရှင်းလင်းချက်ထုတ်

လမ်းဖောက်လုပ်မှုတွေကြောင့် စစ်ကောင်စီနဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေအကြား မကြာခဏပြသနာ တက်လေ့ရှိတဲ့ ကရင်ပြည်နယ်အတွင်းမှာ မေလ ၃၁ ရက်နေ့က မြဝတီခရိုင်၊ ကနဲလေးကျေးရွာအနီး တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ လုပ်ကိုင်နေသူ ၄၇ ဦးကို ကရင်လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်တဲ့ KNDO က ဖမ်းဆီးပြီး၊ အဲဒီထဲက အမျိုးသား ၂၅ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဇွန်လ ၁၄ ရက်နေ့ထုတ် စစ်ကောင်စီ သတင်းစာတွေက ထုတ်ပြန်ခဲ့ပါတယ်။

ဒီလူတွေဟာ ရိုးရိုးအလုပ်သမားတွေ မဟုတ်ဘဲ၊ ကေအဲန်ယူနယ်မြေမှာ စစ်သင်တန်းတက်နေတဲ့ Gen-Z ခေါ် မျိုးဆက်သစ် လူငယ်တွေကို စုံစမ်းထောက်လှန်းဖို့ ရောက်လာတဲ့ စစ်ထောက်လှမ်းရေးတွေဖြစ်တယ်၊ သူတို့မှာ သက်သေအထောက်အထား အပြည့်အစုံရှိတယ်ဆိုပြီး KNDO ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဒီကနေ့ ဗီဒီယိုရုပ်သံဖိုင်တစ်ခု ထုတ်ပြန်ပြီး ရှင်းလင်းထားပါတယ်။

"ကနဲလေးရွာအနီးမှာ လာပြီးတော့ တံတားဆောက်တဲ့ ဆောက်လုပ်ရေး လုပ်ငန်းလာပြီး လုပ်တဲ့အဖွဲ့ဟာ ထောက်လှမ်းရေးအဖွဲ့ဖြစ်တယ်ဆိုတာ ဓာတ်ပုံနဲ့တကွ သက်သေတွေ အများကြီးရှိတယ်၊ ကျွန်တော်တို့ video တွေနဲ့လည်း ချပြထားတာရှိတယ်၊ သာမန်ပဲ စဉ်းစားကြည့်ဗျာ၊ ဒီလိုမျိုး နိုင်ငံရေး အခြေအနေ မကောင်းတဲ့ အချိန်မှာ ဒီလိုနေရာမှာ ဆောက်လုပ်ရေး လုပ်ရဲတယ်ဆိုတာ သာမန်ပြည်သူတော့ မဟုတ် တော့ဘူး၊ ကျွန်တော်တို့ ကနဲလေးရွာဘေးက စစ်ကောင်စီ ထောက်လှမ်းရေးအဖွဲ့ကို ကျွန်တော်တို့ မထိန်းသိမ်းဘူးဆိုရင်လည်း ကျွန်တော်တို့ အဖွဲ့ဆီမှာလာပြီး စစ်ပညာလာသင်နေတဲ့ လူငယ်တွေရှိတယ်၊ ဂျီဇက်ပေါ့နော် မြို့ပြလူငယ်တွေပေါ့၊ သူတို့ရဲ့ နာမည်တွေက ပိုပြီးတော့ ပေါက်ကြားတော့မှာ၊ အဲလူငယ် တွေကို ကာကွယ်ပေးတဲ့အနေနဲ့ အဲဒီလူတွေကို ကျွန်တော်တို့က ထိန်းသိမ်းလိုက်တယ်"

ဆောက်လုပ်ရေး လုပ်သားတွေကို ဖမ်းထားချိန်မှာ စစ်တပ်ဘက်က လက်နက်ကြီးနဲ့ စတင်ပစ်ခတ်တာကြောင့် ဖမ်းဆီးထားသူတွေရော သူတို့ KNDO အဖွဲ့သားတွေပါ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း KNU လက်အောက်ခံ ကာကွယ်ရေးတပ်ဖြစ်တဲ့ KNDO ပြောရေးဆိုခွင့်ရှိသူက ပြောထားပါတယ်။

"ထောက်လှမ်းရေးအဖွဲ့ဖြစ်တယ်ဆိုတာ ဓာတ်ပုံနဲ့တကွ သက်သေတွေ အများကြီးရှိတယ်"

စစ်ကောင်စီဘက်ကတော့ မေလ ၃၁ ရက်နေ့က မြဝတီခရိုင်၊ ကနဲလေး-မော်ခီး သွားကားလမ်းပေါ်က အူးဟူးချောင်း တံတားဆောက်လုပ်ရေး လုပ်သား ၄၇ ယောက်ကို KNDO အဖွဲ့က ဗိုလ်ကြီး စောပါဝါး ဦးဆောင်တဲ့ အင်အား ၃၀ လောက်က ဖမ်းဆီးသွားခဲ့ပြီး၊ အဲဒီထဲမှာ အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ခြောက်ဦး၊ ကလေး ၁၀ ဦး ပါဝင်တယ်လို့ ပြောပါတယ်။ ဇွန်လ ၁ ရက်နဲ့ ၉ ရက်နေ့တွေမှာ အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် ၂၂ ဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် ၂၅ ဦးကို KNDO က ဆက်ဖမ်းထားတာကြောင့် လိုက်လံရှာဖွေခဲ့ တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ ၁၁ ရက်နေ့မှာတော့ အူးဟူချောင်းတံတား အရှေ့ဘက်မှာ မီးရှို့ထားတဲ့ ရုပ်အလောင်းတစ်ခု၊ အနီးတဝိုက်မှာ လက်ပြန်ကြိုးတုပ် သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း ခြောက်ခုနဲ့ ဇွန်လ ၁၂ ရက်နေ့မှာ နောက်ထပ် ရုပ်အလောင်း ၁၈ ခု၊ စုစုပေါင်း ၂၅ ခုကို ရှာတွေ့ခဲ့တယ်လို့ စစ်တပ်ပိုင် မြဝတီသတင်းစာကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။

KNDO ရဲ့ ဒီလုပ်ရပ်ဟာ တစ်နိုင်ငံလုံး ပစ်တိုက်ခိုက်မှုစာချုပ် NCA ကို ချိုးဖောက်တာဖြစ်လို့ ကျူးလွန် သူတွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ပေးဖို့ အရှ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက ကရင် အမျိုးသားအစည်းရုံး KNU ဗဟိုကို ဇွန်လ ၁၃ ရက်နေ့က စာပို့တောင်းဆိုခဲ့ကြောင်းလည်း ကရင်ပြည်နယ် အခြေစိုက်မီဒီယာတစ်ခုဖြစ်တဲ့ KIC က ဇွန်လ ၁၆ ရက်နေ့မှာ သတင်းရေးသား ဖော်ပြခဲ့ပါတယ်။

KNU ကရင်အမျိုးသား အစည်းအရုံးက ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမယ်လို့ ဇွန်လ ၁၆ ရက်နေ့မှာပဲ ချက်ချင်းကြေညာချက် ထုတ်ပြန်ပြီး ပြောခဲ့ပါတယ်။

အပြစ်မဲ့အရပ်သားတွေကို သတ်ဖြတ်မှုတွေရှိခဲ့ရင် KNU ရဲ့ ကော်သူးလေဥပဒေအတိုင်း ဆောင်ရွက်လေ့ ရှိပါတယ်လို့ KNU နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ပဒိုစောတောနီး က RFA ကို ပြောပါတယ်။

"အသေးစိတ်တော့ ကျွန်တော် မပြောတတ်ဘူး၊ စတိတ်မန့်ထဲမှာ ပါတဲ့အတိုင်းဆိုရင် ကျွန်တော်တို့က ဂျီနီဘာ ကွန်ဘန်းရှင်း အပေါ်မှာ ပတ်သက်တာလည်းရှိတယ်။ ကျွန်တော်တို့က ဘာလို့လဲဆို နိုင်ငံ တကာအဖွဲ့အစည်းတွေနဲ့ အလုပ်တွဲလုပ်တာရှိတယ်၊အစိုးရအဆင့် မဟုတ်သည့်တိုင် NGO နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့တွဲပြီးလုပ်တဲ့ သဘောတူညီချက် လက်မှတ်ထိုးထားတဲ့ အပိုင်းတွေရှိတယ်၊ ဒါက ပထမအချက်ပေါ့နော်၊ နောက်တစ်ချက်က ဘာနဲ့သွားမလဲဆိုရင် ကျွန်တော်တို့ ကော်သူးလေမှာ ကော်သူးလေဥပေဒဆိုတာရှိတယ်၊ ရာဇဝတ်မှု ဥပေဒ ဆိုတာလေ ဆိုတော့ ဒါမျိုးက ကော်သူးလေ ရာဇဝတ်မှုဥပေဒေနဲ့ သွားမှာလေ၊ ကျွန်တော်ကတော့ အဲလောက်ထိပဲပြော လို့ရမယ်ဗျ"

ကာလကြာရှည် လူ့အခွင့်အရေးလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ လက်ရှိ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက စစ်ပွဲအတွင်းမှာဖြစ်ပါစေ ဖမ်းဆီးခံရသူတွေကို တရားမျှတစွာ စစ်ဆေးခြင်း မရှိဘဲ ချက်ချင်းသတ်ဖြတ်တာဟာ လူ့အခွင့်အရေးအရ လက်ခံလို့ မရဘူးလို့ ပြောပါတယ်။

“လူ့အခွင့်ရေး အခြေအနေအရပြောမယ်ဆိုရင် ဒါက စစ်ပွဲအတွင်းမှာဖြစ်သည့်တိုင်အောင် တရားစုံစမ်းမှု မရှိဘဲ သတ်ဖြတ်ခြင်းကတော့ ဒါကို ကျွန်တော်တို့အနေနဲ့ လုံးဝလက်မခံနိုင်တဲ့ အနေအထားမျိုးရှိပါတယ်၊ အရပ်သား ပြည်သူဆိုရင်တော့ လုံးဝမသတ်သင့်ဘူးပေါ့နော်၊ ဒါပေမဲ့ တစ်ဖက်မှာလည်း တခြားတပ်ဘက် ကဖြစ်နေရင်လည်း ဂျူး ပရောဆက်လို့ခေါ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ရမယ်၊ နောက်တစ်ခါ ပြီးလို့ရင် ဒီဟာနဲ့ပတ်သက်ပြီး အဲဒီလူကို ထိခိုက်နာကျင်အောင် လူမဆန်စွာနှိပ်စက်ခြင်းကတော့ လုံးဝလုပ်လို့မရတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါမျိုးကတော့ ဘယ်အဖွဲ့ကပဲ လုပ်ဆောင်လုပ်ဆောင် လူအခွင့်အရေး ရပ်တည်ချက်အရတော့ ဒါမျိုးကိုတော့ လုံး၀ လက်ခံနိုင်တဲ့ အနေအထား မရှိပါဘူးခင်ဗျ”

karen-revolution-day.jpg
(ကရင့်အမျိုးသား ကာကွယ်ရေးတပ် KNDO တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်)

ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ဟာ ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ နိုင်ငံရေး ဦးဆောင်မှု အောက်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်ပါတယ်။

အခု သတ်ဖြတ်ခံရတဲ့ လူ ၂၅ ဦးဟာ စစ်ထောက်လှန်းရေးတွေဖြစ်တယ်လို့ KNDO က ရှင်းလင်းထားပေမယ့် ဒီကိစ္စဟာ စစ်ရာဇဝတ်မှုပုံစံမျိုး သက်ရောက်နေတာကြောင့် KNU ဘက်က ဘယ်လိုဆက်လက်အရေးယူ ဆောင်ရွက်မလဲဆိုတာကို အများစုက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။