ကော့ကရိတ်မြို့နယ် တောင်ကြာအင်းရဲစခန်းကို KNLA ဝင်တိုက်

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်က တောင်ကြာအင်းရဲစခန်းကို ဧပြီ ၄ ရက် မနေ့က KNLA တပ်ဖွဲ့တွေ စီးနင်းတိုက်ခိုက်ခဲ့သလို စစ်ကောင်စီတပ်ကလည်း မြောက်ကြာအင်းဘက်ကနေပြန်ပြီး လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

အဲဒီရဲစခန်းကို ညနေ ၆ နာရီမှာ သိမ်းပိုက်နိုင်ပြီး တိုက်ပွဲဖြစ်နေတဲ့အချိန်အတွင်းမှာ တောင်ကြာအင်းရွာက အရပ်သားနှစ်ယောက် ဒဏ်ရာရထားတဲ့အတွက် သူတို့ကို အချိန်မီ ဆေးရုံပို့နိုင်ဖို့ ကြိုးစားနေတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကိုပြောပါ တယ်။

“တောင်ကြာအင်းရဲစခန်းကို ဒီနေ့တစ်နေကုန်ဝင်စီးနေတယ်။ ည ၆ နာရီလောက်မှာ ကျသွားပြီလို့ သတင်းရတယ်။ ရွာသားတွေလည်း ထွက်ပြေးကြတယ်။ တချို့ထွက်မပြေးနိုင်တဲ့သူတွေက ဘုန်းကြီးကျောင်းမှာ ခိုလှုံနေရတယ်။ ဒါပေမဲ့ တကယ့်အန္တရာယ်ကို လုံလုံခြုံခြုံကာကွယ်နိုင်တဲ့ အနေအထားမရှိပါဘူး။ ရွာသားနှစ်ယောက်လဲ ကျည်တွေ မှန်ထားလို့ ဒဏ်ရာရထားတယ်တဲ့။ ကျနော်တို့က သူတို့ကို ကယ်နိုင်ဖို့ တယ်လီဖုန်းတွေ လိုက်ဆက်နေတယ် ”

ရွာသားတွေ ထွက်ပြေးတိမ်းရှောင်ရသလို သူတို့ကိုလည်း တယ်လီဖုန်းတွေ တနေကုန်ဆက်မရဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာ အဲဒီတောင်ကြာအင်း အထက်တန်းကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက ပစ်လိုက်တဲ့လက်နက်ကြီးကျည်တွေကျလို့ အရပ်သားတွေရဲ့ အိမ်တချို့ ထိခိုက်ပျက်စီးတာ ရှိခဲ့ပါတယ်။

ဧပြီ ၄ ရက်နေ့မှာပဲ ကော့ကရိတ်မြို့အနီး ကော့နွဲရွာသစ်နား အာရှလမ်းမပေါ်မှာ ကားသုံးစီး မီးရှို့ခံရပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ အရပ်သားကားတွေ စီးပြီး သွားလာလှုပ်ရှားမှုတွေ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အခုလို တောင်ကြာအင်းရွာက ရဲစခန်းဝင်စီးခံရတဲ့ဖြစ်ရပ်နဲ့ အာရှလမ်းပေါ်မှာ ကားတွေမီးရှို့ခံရတဲ့ဖြစ်ရပ်နဲ့ ပတ်သက်လို့ KNU ဘက်ကရော စစ်ကောင်စီဘက်ကပါ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။