ကရင်နီဒေသတွင်း တပ်မတော်ဘက်က စစ်ရေးလှုပ်ရှားမှုတွေ တပ်စခန်းတိုးချဲ့တာတွေ များလာတာနဲ့ပတ်သက်လို့ တပ်ပိုင်းဆိုင်ရာပြဿနာတွေကို ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ တပ်မတော်ဆွေးနွေး ညှိနှိုင်းရေးအဖွဲ့နဲ့ ဒီလအတွင်း တရားဝင်တွေ့ဆုံဆွေးနွေးသွားမယ်လို့ KNPP ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုး က RFA ကို ပြောပါတယ်။
KNPP ခေါင်းဆောင်တွေဟာ အစိုးရငြိမ်းချမ်းရေး ကော်မရှင်နဲ့ ဒီနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂ နာရီကျော်ကြာ အလွတ်သဘော တေ့ွဆုံဆွေးနွေးပြီးနောက် အခုလို သဘောတူညီမှု ရရှိခဲ့တာဖြစ်ပါတယ်။ တပ်မတော်ဘက်က လေးလကြာ အပစ်ရပ်ကြောင်း ကြေညာပြီးနောက်ပိုင်း ဒီမောဆို၊ ဖားဆောင်း၊ ရှားတော၊ မယ်စဲ့ စတဲ့ လေးမြို့နယ်အတွင်း တပ်မတော်က အင်အားတိုးချဲ့တာတွေ စစ်ရေးလှုပ်ရှားမှုတွေ များလာတာလို့ နဲနယ်ပလိုး က ပြောပါတယ်။
KNPP ခေါင်းဆောင်တွေဟာ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ တပ်မတော် ဆွေးနွေးညှိနှိုင်းရေးအဖွဲ့နဲ့ ပထမဆုံးအကြိမ် တေ့ွဆုံမှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ခေါင်းဆောင်တွေနဲ့လည်း နေပြည်တော်မှာ တေ့ွဆုံသွားမှာဖြစ်ပါတယ်။ တေ့ွဆုံမယ့် နေ့ရက်ကိုတော့ အတိအကျ မသိရသေးပါဘူး။
မနက်ဖြန်မှာ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ တပ်မတော် ဆွေးနွေးညှိနှိုင်းရေးအဖွဲ့နဲ့ NRPC ခေါင်းဆောင်တွေဟာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ခေါင်းဆောင်တွေနဲ့ သီးခြားစီ တေ့ွဆုံဆွေးနွေးဖို့လည်း ရှိနေပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ဦးအောင်မိုးမြင့် ပေးပို့တာပါ။
