တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP လက်မှတ်ရေးထိုးပြီး ပါဝင်လာရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က ကိုယ်စားလှယ် အဖွဲ့ဟာ KNPP တာဝန်ရှိသူတွေနဲ့ ဒီနေ့ ထိုင်းနိုင်ငံ၊မယ်ဟောင်ဆောင်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
NCA စာချုပ် ရေးဆွဲခဲ့စဉ်က အတူတကွရေးဆွဲခဲ့ကြတာဖြစ်တဲ့အတွက် လက်မှတ်ရေးထိုးပြီး အတူတကွ ဖော်ဆောင်ဖို့ ဆွေးနွေးကြတာဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောပါတယ်။
"NCA ကိုရေးဆွဲခဲ့ကြစဉ်တုန်းကလည်း အတူတူရေးဆွဲခဲ့ကြတာဖြစ်ပါတယ်။ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ KNPP နဲ့ PPST က ခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေနဲ့ အားလုံးဟာ အတူတကွ NCA ကိုရေးဆွဲခဲ့ ကြတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို ဒီNCA ကိုလည်း အတူတကွ လက်မှတ်ရေးထိုးပြီး အတူတကွ အကောင် အထည် ဆက်လက်ပူးပေါင်းဖော်နိုင်ရေးကို အခြေခံဆွေးနွေးဖြစ်ကြမှာပါ"
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က စုပေါင်းပြီး ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပါတယ်။
မနက်ဖြန် ဇွန်လ ၁၅ ရက်နေ့မှာလည်း အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဟာ အစိုးရနဲ့ တပ်မတော်က တာဝန်ရှိသူတွေနဲ့ ရန်ကုန်မြို့ NRPC ရုံးမှာ တွေ့ဆုံပြီး လုံခြုံရေးကဏ္ဍဆိုင်ရာတွေကို အလွတ်သဘော ဆွေးနွေးသွားဖို့ ရှိပါတယ်။
လုံခြုံရေးကဏ္ဍမှာ တစ်ခုတည်းသော တပ်မတော်ဖွဲ့စည်းရေးနဲ့ ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းရေးတွေမှာ အငြင်းပွားနေတာတွေရှိပြီး တပ်နေရာချထားရေးနဲ့ တပ်ဖြုတ်သိမ်းရေးတွေမှာလည်း သဘောတူညီချက် မရနိုင်သေးပါဘူး။
မနက်ဖြန် ဇွန်လ ၁၅ ရက်နေ့ တွေ့ဆုံပွဲမှာ လာမယ့် တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပဖို့အတွက် ရက်သတ်မှတ်ဖို့ကိုလည်း ထပ်မံဆွေးနွေးကြမှာဖြစ်ပါတယ်။
