တိုက်ပွဲကြောင့် KNU နယ်မြေမှာ တစ်လအတွင်း အရပ်သား ၁၁ ဦး သေဆုံးပြီး ၄၁ ဦး ဒဏ်ရာရ

RFA Burmese
2023.03.11
Share on WhatsApp
Share on WhatsApp
တိုက်ပွဲကြောင့် KNU နယ်မြေမှာ တစ်လအတွင်း အရပ်သား ၁၁ ဦး သေဆုံးပြီး ၄၁ ဦး ဒဏ်ရာရ KNU ထိန်းချုပ်နယ်မြေမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ မတ်လ ၇ ရက်နေ့က တွေ့ရစဉ်။
KNU

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ ဖေဖော်ဝါရီလ အတွင်း တိုက်ပွဲတွေကြောင့် အရပ်သား ၁၁ ဦး သေဆုံးပြီး ၄၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက မတ်လ ၁၁ ရက် မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံတပ်တွေအကြား ထိတွေ့တိုက်ပွဲ ၄၁၈ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးကျည် ၃၅၁ လုံးအထိ ပစ်ခတ်ခဲ့တယ်လို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြ ပါတယ်။

ဒီ့အပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၂၁ ကြိမ်ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် ဘာသာရေးကျောင်းတွေအပါအဝင် အဆောက်အအုံ ၇၂ လုံး ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ၃၈၆ ဦး သေဆုံးပြီး ၂၆၇ ဦးဒဏ်ရာရှိခဲ့ပေမယ့် KNU လက်အောက်ခံတပ်တွေဘက်ကတော့ နှစ်ဦးသာ သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရရှိခဲ့ တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ KNU နယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားမှုအခြေအနေနဲ့ သေဆုံး ထိခိုက်မှုတွေကို သတင်းထုတ်ပြန်တာမရှိပါဘူး။

နှစ်ဖက်တပ်တွေရဲ့ သေဆုံးထိခိုက်မှုတွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြု နိုင်သေးပါဘူး။ KNU က ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း နဲ့ တနင်္သာရီတိုင်းတွေ အတွင်း ဒေသတချို့ကို နယ်မြေခုနစ်ခုခွဲပြီး ထိန်းချုပ်ထားပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံတပ်တွေအကြား တိုက်ပွဲပေါင်း ၈၀၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ KNU ဗဟိုရဲ့ စာရင်းတွေမှာ ဖော်ပြထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။