မြန်မာပြည်သူတွေကို အကာအကွယ်ပေးဖို့ နိုင်ငံတကာကို KNU တောင်းဆို

လုဆိုင်း(ချင်းမိုင်)
2021.03.31

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ ၅ နယ်မြေထဲကို အာဏာသိမ်းစစ်ကောင်စီတပ်တွေက မတ်လ ၃၁ ရက်နေ့မှာလည်း လေကြောင်းနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်ဒေသခံ ရွာသား နှစ်သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးနေကြပါတယ်။ အဲဒီစစ်ဘေးရှောင်ပြည်သူတွေကို ကူညီဖို့ နိုင်ငံတကာကို KNU က တောင်းဆိုလိုက်ပါတယ်။ 

ကရင်စစ်ပြေးဒုက္ခသည် အများစုဟာ တောတောင်တွေမှာ ခိုလှုံနေကြရပြီး သုံးထောင်ကျော်လောက်ကတော့ ထိုင်းနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ပေမယ့် နှစ်ထောင်ကျော်ကို မတ်လ ၂၉ ရက်နေ့က ထိုင်းအာဏာပိုင်တွေက နေရပ်ပြန်ပို့ခဲ့ပါတယ်။ မနေ့က မတ်လ ၃၁ ရက်နေ့မှာ တစ်ထောင်ကျော် ထပ်ပို့ခဲ့တယ်လို့ ကရင်အမျိုးသမီး အစည်းအရုံး KWO ဗဟိုကော်မတီဝင် နော်ဆဲဆဲက ပြောပါတယ်။

“လက်နက်ကြီး ၂၇ ရက်နေ့ကနေစပြီး ဒီနေ့ ဒီချိန်ထိ လေယာဉ်နဲ့လာပစ်ချတယ်။ တခြားသောမြို့နယ်ဘက် မှာလည်း လာချတယ်။ ကရင်ဒေသမှာတော့ မူတြော်ခရိုင်ဘက်မှာပေါ့။ ကျမတို့ သိရတဲ့ လူဦးရေကတော့ နှစ်သောင်းကျော်။ အထူးသဖြင့် ပြီးခဲ့တဲ့ ရက်မှာ သုံးထောင်က ထိုင်းနယ်စပ်မှာ ပြေးလာတယ်။ သူတို့ထိုင်းက ပြန်မောင်းထုတ်တယ်ပေါ့နော်။ မနေ့က နှစ်ထောင်၊ ဒီနေ့ ကျန်တဲ့ တစ်ထောင်ကျော် ပြန်ပို့လိုက်တယ်”လို့ နော်ဆဲဆဲက ပြောပါတယ်။

မုဒုံမြို့နယ်ဘက်မှာလည်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပစ်ခတ်ခံရတာတွေရှိပေမယ့် ဆက်သွယ်ရေး ခက်ခဲတာကြောင့် ထွက်ပြေးနေတဲ့ ဒုက္ခသည်အရေအတွက်ကို အတိအကျ မသိနိုင်သေးဘူးလို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ KNU နယ်မြေအတွင်းကို အရပ်လေးမျက်နှာကနေ ဝင်ရောက် တိုက်ခိုက်နေတဲ့အတွက် ကရင်ပြည်သူလူထုရဲ့ အသက်အိုးအိမ် လုံခြုံရေးအတွက် အလွန်စိုးရိမ်ပူပန်ရပါတယ်လို့ KNU ရဲ့ ဖာပွန်ခရိုင် တပ်မဟာ ၅ က မတ်လ ၃၀ ရက်နေ့က မြန်မာ၊ ထိုင်းနဲ့ အင်္ဂလိပ်ဘာသာ သုံးခုနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

“KNU နယ်မြေ၊ ကရင်လူထုနဲ့ ၎င်းတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ကာကွယ်ဖို့အတွက် တိုင်းပြည်ကို တရားမဝင် သိမ်းယူထားတဲ့ မြန်မာတပ်မတော်ရဲ့ ရန်ကို ရင်ဆိုင်ခြင်းမှတပါး အခြားရွေးချယ်စရာ လမ်းမရှိတော့ပါ”လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီကို အသိအမှတ်မပြုဖို့နဲ့ သူတို့ လုပ်ဆောင်နေတဲ့ စစ်ရေး၊ စီးပွားရေးဆိုင်ရာ ရင်းနီးဆက်ဆံမှုတွေအားလုံး ရပ်တန့်ဖို့၊ ပြည်သူလူထုအပေါ် ပစ်ခတ်သတ်ဖြတ်မှုတွေ ချက်ချင်းရပ်တန့်အောင် စစ်ကောင်စီ တပ်ကို ဖိအားပေးဖို့၊ ကိုယ်လွတ်ရုန်းထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူလူထုကို အကာအကွယ်ပေးဖို့နဲ့ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့တွေပေးဖို့ တော်ဝင်ထိုင်းအစိုးရ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေကို KNU ရဲ့ ကြေညာချက်ထဲမှာ တောင်းဆိုထားပါတယ်။

စစ်ကောင်စီရဲ့ သီးမူးထားစခန်းကနေ အနီးအနားကျေးရွာတွေထဲကို ရက်ပေါင်းများစွာ မကြာခဏ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ရွာသူရွာသားတွေ စိုးရိမ်လို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရကြောင်း၊ အဲဒီစိုးရိမ်မှုတွေကို အဆုံးသတ်ပေးဖို့နဲ့ ၊ လူမှုအသိုင်းအဝန်းထဲသို့ ဘေးကင်းလုံခြုံစွာ ပြန်လည်နေထိုင်လုပ်ကိုင်နိုင်ဖို့ KNU က သီးမူးထားစခန်းကို မတ်လ ၂၇ ရက်နေ့မှာ တက်သိမ်းခဲ့တာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။