စစ်ကြောင်းထိုးတာကြောင့် ညောင်လေးပင်ခရိုင်က ဒေသခံနှစ်ထောင်ကျော် ထွက်ပြေး
2024.12.09
![စစ်ကြောင်းထိုးတာကြောင့် ညောင်လေးပင်ခရိုင်က ဒေသခံနှစ်ထောင်ကျော် ထွက်ပြေး စစ်ကြောင်းထိုးတာကြောင့် ညောင်လေးပင်ခရိုင်က ဒေသခံနှစ်ထောင်ကျော် ထွက်ပြေး](https://www.rfa.org/burmese/news/knu-idps-refugees-12092024105332.html/@@images/a20ada95-0f62-452d-a0c0-d2b4b5941f5a.jpeg)
ပဲခူးတိုင်း၊ ညောင်လေးပင် (ခလယ်လွီထူး) ခရိုင်က ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ထားတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာလေးခုက ဒေသခံ နှစ်ထောင့်ငါးရာကျော် (၂၅၆၀ ဦး) နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း KNU က ဒီဇင်ဘာ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ညောင်လေးပင်ခရိုင်က ချုံအင်းရွာ၊ ဂွေးကုန်းရွာ၊ ကောက်မယ့်သူရွာနဲ့ ရေဖြူကန်ရွာက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတာလို့ KNU က ပြောပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၇) လက်အောက်ကတပ်ဖွဲ့တွေ ဒီဇင်ဘာ ၇ ရက်နေ့က ရေဖြူကန်ရွာမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးတာအပြင် ဒရုန်းတွေ လက်နက်ကြီးတွေနဲ့လည်း တိုက်ခိုက်နေကြောင်း KNU က ပြောထားပါတယ်။
ဒီဇင်ဘာလ ၆ ရက်နေ့က ရေလဲဗမာရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
KNU ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းအတွင်းက ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေမှာ စစ်ဘေးဒုက္ခသည် တစ်သန်းကျော် (၁,၀၅၂,၇၂၉ ဦး) ရှိလာပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) က နိုဝင်ဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။