ကရင်ပြည်နယ်အတွင်း တပ်မတော် ဝင်ရောက်ခွင့် ကရင်ငြိမ်းချမ်းရေးကောင်စီ တားမြစ်


2014.09.17
knu-knla-pc-305.jpg ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ဗိုလ်မှူးကြီး စောတိုက်ဂါး (ရှေ့ဆုံးမှာထိုင်နေသူ) ကို စက်တင်ဘာလ ၁၃ ရက်နေ့ က တွေ့ရစဉ်
Photo: ကရင်အမျိုးသား (မီဒီယာ)

မြန်မာ့တပ်မတော်တပ်ရင်းတပ်ဖွဲ့အသီးသီးက တပ်မတော်သားတွေအနေနဲ့ ကရင်ပြည်နယ်အတွင်း မြို့တွင်းမြို့ပြင် သွားလာမှု လုံးဝမပြုလုပ်ဖို့ အပြင်းအထန် တားမြစ်ကြောင်း အစိုးရနဲ့ ငြိမ်းချမ်းရေး ယူထားတဲ့ KNU/KNLA ကရင်ငြိမ်းချမ်းရေး ကောင်စီအဖွဲ့က ဒီနေ့ ရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက် ပါတယ်။

ဒီစာကို ဗိုလ်မှူးကြီး စောတိုက်ဂါး ဦးစီးတဲ့ မြဝတီ အခြေစိုက် KNU/KNLA ကရင်ငြိမ်းချမ်းရေး ကောင်စီ နယ်စပ်လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေး (အထူး) ဗျုဟာက ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

နယ်စပ် မြဝတီမြို့အတွင်း ထိုင်းဘက်က ဝင်ရောက်လာ တဲ့ ကုန်ကား ၃၀ ကျော်ကို ဗိုလ်မှူးကြီး စောတိုက်ဂါး ဦးဆောင်တဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ၊ နယ်စပ် လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေး (အထူး) ဗျုဟာက ပြီးခဲ့တဲ့ စနေနေ့က ပိတ်ဆို့တားဆီးခဲ့တဲ့ နောက်ပိုင်း KNU/KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ၊ KKO ခွဲထွက် ကရင်အကျိုးပြု ဒီမိုကရေစီတပ်မတော် ကလိုထူးဘောတပ်ဖွဲ့တွေကို မြဝတီမြို့တွင်းကို ဝင်ရောက်တဲ့အခါ လက်နက်ယူဆောင် မလာရ၊ ယူနီဖောင်းဝတ်မလာရဆိုပြီး မြဝတီအခြေစိုက် ရှေ့တန်းအမှတ် ၂၇၅ အစိုးရခြေလျှင်တပ်ရင်းက စာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒါကြောင့် KNU/KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ နယ်စပ်အထူးဗျုဟာတပ်ဖွဲ့ဘက်က တုံ့ပြန်တဲ့အနေနဲ့ ဒီကနေ့ စာထုတ်ပြန်လိုက်တာဖြစ်ပြီး၊ ဒီစာကြောင့် နှစ်ဖက်ဆက်ဆံရေး တင်းမာမှုမရှိဘူးလို့ ဗိုလ်မှူးကြီး စောတိုက်ဂါးက ပြောပါတယ်။

"မတည့်ဘူး၊ ဒါကတော့ အမှန်တရားပြောတာပဲလေ၊ ဒီစာတွေက သူတို့အရင်ထုတ်တာပဲဟာ ကျနော်တို့က သစ္စာရှိတယ်၊ သူတို့လည်း ပညာရှိတာပဲ၊ သူတို့ပြန်သိရမယ်ပေါ့၊ သူတို့မှားပြီ သူတို့ပြန်ဖြည်ရမယ်၊ သူ့တပည့်တွေ သူ့တပ်ရင်းတွေ သူတို့ပြန်ပြောရမယ်၊ ပြည်သူလူထုကြားမှာ သေနတ်ယူလာလို့မရဘူး၊ သူတို့ပြန်ပြောရမယ်လေ"

မြန်မာ့တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေအနေနဲ့ ကရင်ပြည်နယ်အတွင်း အရေးကြီးကိစ္စနဲ့ သွားလာရမယ့်ကိစ္စရှိခဲ့ရင် ဦးစီးခေါင်းဆောင်၊ အင်အား၊ လက်နက်အမျိုးအစား၊ အရေအတွက်၊ ယာဉ်အမျိုးအစား နဲ့ အရေအတွက်၊ သွားလာမယ့် အချိန်နဲ့ နေရာတို့ကို ဗျူဟာမှူး ဗိုလ်မှူးကြီး စောတိုက်ဂါးထံ ကြိုတင်အကြောင်းကြား၊ ခွင့်ပြုချက်ရယူပြီးမှ သွားလာရမယ်လို့ အဲဒီစာထဲမှာ ဖော်ပြထားပါတယ်။

အဲဒီစာကို သမ္မတဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူုးကြီး မင်းအောင်လှိုင်နဲ့ ဝန်ကြီး ဦးအောင်မင်းတို့ကိုပါ ပေးပို့ထားတယ်လို့ ဗိုလ်မှူးကြီး စောတိုက်ဂါးက RFA ကို ပြောပါတယ်။

ဗိုလ်မှူးကြီး စောတိုက်ဂါးကို RFA ဝိုင်းတော်သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။