KNU ထိန်းချုပ်နယ်မြေ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရ

ဖြူဖြူခိုင်
2020.02.11

တပ်မတော်တပ်ရင်းမှူးတစ်ဦး ကျဆုံးခဲ့ရာကနေ တပ်မတော်နဲ့ KNU ဆက်ဆံရေးတင်းမာလာခဲ့ပြီး၊ ဖေဖော်ဝါရီ ပထမအပတ်ထဲမှာပဲ တပ်က KNU  ထိန်းချုပ်နယ်မြေထဲကို လက်နက်ကြီး ဒါဇင်နဲ့ချီ ပစ်ခတ်မှုဖြစ်ပေါ်လာ ပါတယ်။

KNU တပ်မဟာ ၅ ထိန်းချုပ်နေရာကို တပ်မတော်က ၆၀ မမ၊  ၈၀ မမ မော်တာတွေဒါဇင်နဲ့ချီပစ်ခတ်လို့ အနီးအနားက ရွာသားတချို့ ထိခိုက်ဒဏ်ရာရပြီး ထွက်ပြေးကြရတယ်လို့ KNU ဘက်က ပြောပါတယ်။

KNU  တပ်မဟာ (၅)ရဲ့  ဆက်ဆံရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး အယ်ဒိုက

"၈၁ မမတို့၊ ၈၁ မော်တာ မမတို့၊ ၆၀ မော်တာတို့ အဲဒီစိန်ပြောင်းနဲ့ပစ်တယ်။ သူတို့က ပစ်ရှင်းတဲ့သဘောမျိုး လည်း ဖြစ်မယ်။ ကျွန်တော်တို့တပ်ဖွဲ့တွေကို အဲဒီအနီးနားမှာ မရှိအောင် ပစ်တာလည်းဖြစ်မယ်။"

လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကို KNU ဘက်က ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ အရှေ့တောင်တိုင်း စစ်ဌာနချုပ်နဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဆီကို  ကန့်ကွက်စာ ပေးပို့ခဲ့ပါတယ်။

ဇန်နဝါရီလ အစောပိုင်း ပစ်ခတ်မှုတွေကြောင့် ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ လေးဖိုးထာကျေးရွာအုပ်စုက ဝါးသိုးခို ကျေးရွာသား နှစ်ယောက် ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ရွာသားအများအပြား ထွက်ပြေးခဲ့ရကြောင်း KNU ရဲ့ ကန့်ကွက်စာထဲမှာ ပြောထားပါတယ်။

KNU ရဲ့ပြောဆိုချက်နဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်လုံခြုံရေးအတွက် ပြန်လည်ဆောင်ရွက်ခဲ့တာပဲရှိပြီး ရွာတွေကိုပစ်တာ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။  

“ ၅ ရက်နေ့နဲ့ ၆ ရက်နေ့မှာ စခန်းကို လူအယောက် ၃၀ လောက် လာပြီးပစ်တာရှိတယ်။ ၇ ရက်နေ့မှာလည်း ညောင်ပင်ကုန်းစခန်းနားမှာ မိုင်းလာထောင်တာရှိတယ်။ ဒါကြောင့် သူတို့ပစ်တဲ့နေရာကို ပြန်ပစ်ပြီးထိတွေ့မှုဖြစ် တာဖြစ်ပါတယ်။ ဒါကြောင့်ရွာတွေကို ပစ်တယ်ဆိုတာ အဓိပ္ပါယ်မရှိဘူး။ လုပ်လဲမလုပ်ပါဘူး။"

ဖေဖော်ဝါရီလ ပထမပတ်အထဲမှာပဲ ဆက်တိုက်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာက သံတောင်ကြီးမြို့နယ်နဲ့ ဖာပွန်မြို့နယ်ကြားမှာ ကျဆုံးခဲ့တဲ့ တပ်ရင်းမှူးကိစ္စနဲ့ ဆက်စပ်နိုင်တယ်လို့ KNU ဘက်က သုံးသပ်ပါတယ်။

တပ်မတော်ကလည်း KNU ဌာနချုပ်ရှိရာ နေရာတချို့ကို ဒရုန်းပျံသန်းပြီး ထောက်လှမ်းတာတွေ ဆက်တိုက်ရှိလို့ ငြိမ်းချမ်းရေးကော်မရှင်က ဖွဲ့စည်းပေးထားတဲ့ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC ကိုတိုင်တန်းထားပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ ကာလအတွင်း ပစ်ခတ်မှုဟာ NCA စာချုပ်ကို ချိုးဖောက်တာဖြစ်ပြီး ယုံကြည်မှု ပျက်ပြားစေတယ်လို့ KNU က ပြောပါတယ်။ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ့ရဲ့ ပြင်ပဆက်ဆံရေးအရာရှိ  ဦးအောင်သူငြိမ်းက တဘက်နဲ့တဘက် တိုက်ပွဲရှိပေမယ့် KNU ကတော့ နောက်ကြောင်းပြန်လှည့်မှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“ KNU အနေနဲ့ နောက်ကြောင်းပြန်လှည့်ပြီး တိုက်ပွဲတွေပြန်ဖြစ်မယ်လို့ ကျွန်တော် မယုံကြည်ဘူး။ ဖြစ်နိုင်တာ ကတော့ နှစ်ဖက်ပြန်ညှိနှိုင်းကြမယ်။ စကားပြောဆိုကြပြီး ပြန်ပြေလည်သွားမယ်။ နောက်တခါ ဒါမျိုးပြန် တိုက်တာမျိုးလည်း ရှိကောင်းရှိနိုင်တယ်။ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေရှိတယ်။ အထူးသဖြင့် မြောက်ပိုင်း အဖွဲ့တွေပေါ့။ သူတို့ကလည်း ဘာကြည့်လဲဆိုတော့ အောင်မြင်စွာ ဇတ်ပေါင်းကြလေသတည်းဆိုတာကို ကြည့်နေတယ်လေ။ ကျန်တဲ့လက်မှတ်မထိုးရသေးတဲ့သူကလည်း ဇာတ်ပေါင်းခန်းမှာ အောင်အောင်မြင်မြင်နဲ့ ပြီးသွားတာမျိုး မဖြစ်သေးဘူးဆိုရင် သူတို့ကလည်း တမျိုးစဉ်းစားနိုင်တာပေါ့”

ကရင်ပြည်နယ်ချက်ချင်းပေး၊ ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြဆိုတဲ့ ကရင့်နိုင်ငံရေး ကြွေးကြော်ချက် တွေကို ဒီနေ့မှာကျရောက်တဲ့ ( ၇၂ ) နှစ်မြောက် ကရင်အမျိုးသားနေ့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

KNU ဥက္ကဋ္ဌ မူတူးစေးဖိုးကလည်း ဆန္ဒဖော်ထုတ်တာကို သမိုင်းဝင်နေ့လို့ သဝဏ်လွှာမှာ ရေးသားထားပါတယ်။

KNU ဟာ ၂၀၁၂ ခုနှစ်ကတည်းက အစိုးရနဲ့ NCA လက်မှတ်ရေးထိုးထားတာအခုဆိုရင် ၈ နှစ်ပြည့်ပြီးဖြစ်ပါတယ်။ ဒီဆန္ဒဖော်ထုတ်မှုမှာပြသခဲ့ကြတဲ့ ကရင့်နိုင်ငံရေး ကြွေးကြော်သံတွေဟာ ကရင်အမျိုးသားရေး လှုပ်ရှားမှု နောက်တစ်ကြိမ် ထပ်မြင့်တက်လာသလား၊ မြန်မာအစိုးရက ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ မထိရောက်ဘူးဆိုတာ ပြသနေတာလားဆိုတဲ့  မေးခွန်းထုတ်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။