တိုက်ပွဲပေါင်း ၅၀ ကျော်မှာ စစ်တပ်ဘက်က ၉၀ နီးပါး သေဆုံးလို့ KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေထဲမှာ ဧပြီလဝက် ၁၅ ရက်အတွင်း တိုက်ပွဲ ပေါင်း ၅၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အယောက် ၉၀ နီးပါး သေဆုံး ခဲ့တယ်လို့ KNU ဗဟိုက ဧပြီလ ၁၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ မိုးရာသီမတိုင်ခင် နယ်မြေစိုးမိုးမှုရချင်နေတာကြောင့် တိုက်ပွဲတွေ ဆက်ရှိနိုင် တယ်လို့ KNU နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက RFA ကို ပြောပါတယ်။

"တိုက်ပွဲတွေ ဆက်ဖြစ်ဖို့များတာပေါ့။ တစ်ဖက်က ကြွေးကြော်ထားတာကလည်း မိုးမကျခင် အပြီးချ မယ်၊ အထူးသဖြင့် နယ်မြေစိုးမိုးရေးဆိုတော့ အကုန်ထိန်းချုပ်နိုင်အောင် လုပ်မယ် ဆိုတော့ ကျနော်တို့ ဘက်က မလွဲမသွေ ခုခံတဲ့အခါ တိုက်ပွဲကတော့ ဖြစ်လာမှာပဲ"

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းမှာ တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဘက်က တိုက်လေယာဉ်တွေလည်း အသုံးပြုခဲ့တယ်လို့ KNU က ဖော်ပြပါတယ်။

ဧပြီလဝက်အတွင်း ကော့ကရိတ်မြို့နယ်ထဲက တိုက်ပွဲတွေမှာ စစ်တပ်နဲ့ နယ်ခြားစောင့်တပ် (BGF) တို့ ဘက်က ၈၇ ယောက်သေဆုံးပြီး ၄၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ရေးသားထားသလို KNU ရဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေဘက်က ၁၂ ယောက်သေဆုံးပြီး ၁၇ ယောက် ဒဏ်ရာရခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သားလေးဦး သေဆုံးခဲ့ ရသလို ရှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

KNU ရဲ့ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

လက်ရှိမှာတော့ CDM လုပ်တာမဟုတ်ဘဲ တိုက်ပွဲကြားကနေ KNU ဘက်ကို လက်နက်ချ၊ အလင်းဝင်ပူး ပေါင်း လာတဲ့ စစ်ကောင်စီတပ်ဘက်က အရာရှိစစ်သည် ၁၀၀ ကျော်ရှိနေပြီလို့ လည်း ပဒိုစောတောနီးက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်လာတဲ့တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ခုနစ်သောင်း ကျော်ရှိနိုင်သလို လူဦးရေ သုံးသောင်းဝန်းကျင်ကတော့ ပြေးလွှားနေကြရတဲ့ အနေအထားဖြစ်တယ်လို့ ပဒိုစောတောနီးက ပြောပါတယ်။