တပ်အင်အား တိုးချဲ့နေတာဟာ ယုံကြည်မှု ထိခိုက်စေကြောင်း KNU သတိပေး

တပ်မတော်က အပစ်ရပ်စဲရေးကို အခွင့်ကောင်းယူပြီး မူတြော်ခရိုင် တပ်မဟာ (၅) နဲ့ ဆက်စပ် တပ်မဟာ (၂) နဲ့ တပ်မဟာ (၇) ဒေသတွေမှာ အရင်နှစ်တွေကထက် အင်အားနှစ်ဆ ဖြည့်တင်းတာ၊ တပ်စခန်းသစ်တွေ တိုးချဲ့တာတွေ လုပ်နေတယ်လို့ KNU က ထုတ်ပြန်ခဲ့တာပါ။

ဒီလိုတပ်စခန်းသစ်တွေ တိုးချဲ့တာဟာ အပစ်အခတ် ရပ်စဲရေးအတွက် အရေးပါတဲ့ ယုံကြည်မှု တည်ဆောက်ရေးကို ထိခိုက်စေနိုင်တာကြောင့် တပ်မတော်အနေနဲ့ NCA အခန်း (၃) အပိုဒ် (၅) ကို လိုက်နာဖို့လည်း KNU က တိုက်တွန်းထားပါတယ်။

တပ်မတော်အနေနဲ့ နိုင်ငံတော်က အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေရှိရာ နယ်မြေမှအပ ကျန်တဲ့နေရာတွေမှာ မေလ (၁၀) ရက်ကစလို့ သြဂုတ်လကုန်အထိ အပစ်ရပ်ထားမယ်လို့ ကြေညာခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်း ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ရပ်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တိုက်တွန်းချက်အရ တပ်မတော်က နိုင်ငံတကာ စံနှုန်းကို လိုက်နာတာလို့ ဆိုထားပါတယ်။

တပ်ဘက်က ဒီလိုထုတ်ပြန်ထားပေမယ့် KNU အုပ်ချုပ်မှု လုပ်ငန်းတွေရှိတဲ့ နေရာတချို့မှာ ဒေသခံတွေ ရှိတဲ့နေရာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိတာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော် ပြောရေးဆိုခွင့်ရှိသူတွေကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ KNU က ပြောထားတဲ့ တပ်မဟာ ၂၊ ၇၊ ၅ နယ်မြေတွေမှာ တပ်အင်အားတိုးချဲ့တာ မရှိကြောင်း Mizzima သတင်းဌာနကို ပြောထားပါတယ်။

တစ်ဘက်က အပစ်အခတ်ရပ်စဲရေးကို ကြေညာထားပြီးတော့ တစ်ဘက်မှာ တိုက်ပွဲတွေ ဖြစ်နေတယ် ဆိုတာမျိုးဟာ မဖြစ်သင့်တာကြောင့် KNU က စစ်ရေးကော်မတီနဲ့ အစိုးရတပ်မတော် အကြီးအကဲတွေ အသေအချာ ဆွေးနွေးဖို့ လိုအပ်တယ်လို့ ရခိုင်လွတ်မြောက်ရေးပါတီ ALP က ဒေါ်စောမြရာဇာလင်းက သုံးသပ်ပါတယ်။

"ဆွေးနွေးပွဲဟာ အဓိပ္ပါယ်ရှိသော ဆွေးနွေးပွဲမဖြစ်လို့ပဲ ဒီလို မကြာမကြာဖြစ်နေရတယ်လို့ သုံးသပ်ပါတယ်။ ဒါကြောင့် နောက်နောင်ဆိုရင် ထိတွေ့ ပစ်ခတ်မှုတွေ ဖြစ်လာရင် ပဋိပက္ခတွေကနေ တစ်ဆင့် တိုက်ပွဲတွေ မဖြစ်လာဖို့ KNU က စစ်ရေးဆိုင်ရာခေါင်းဆောင်တွေနဲ့ တပ်မတော် ခေါင်းဆောင်တွေနဲ့ ယခု ဆွေးနွေး နေတာထက် ပိုပြီးတော့ ထိရောက်တဲ့ ဆွေးနွေးမှုကို ပိုလုပ်ဖို့လိုအပ်တယ်။"

ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့ကလည်း ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲက KNU ရဲ့ ကိုရိုနာကျန်းမာရေး စစ်ဆေးဂိတ် နှစ်ခုကို တပ်မတော်က ဖယ်ရှားလိုက်တာကြောင့် တိုက်ပွဲ နှစ်ရက်ဆက်တိုက် ဖြစ်ခဲ့ပါတယ်။

တပ်နေရာ ချထားရေးနဲ့ ပတ်သက်ပြီး အစိုးရနဲ့ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေကြားမှာ သဘောတူညီချက် တိတိကျကျ မရှိခဲ့တာကြောင့် ငြင်းခုန်စရာတွေ ဖြစ်နေတာလို့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။

ဒီလို ပြဿနာတွေအတွက် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အစည်းအဝေး လိုအပ်နေပြီလို့ သူက ယူဆပါတယ်။

"ဒီပြဿနာတွေ ဖြေရှင်းဖို့အတွက် အဓိက JMC ထိုင်ဖို့ရယ် နောက်တစ်ခုက တပ်နေရာ ချထားရေးနဲ့ ပတ်သက်ပြီး အပြီးအပြတ်ဖြစ်အောင် ဆောင်ရွက်ဖို့ရယ်။ ဒါအရေးကြီးတယ်လို့ ထင်ပါတယ်။ တပ်နေရာချထားရေးတွေနဲ့ ပတ်သက်ပြီး အပြီးအပြတ် မဆောင်ရွက်နိုင်ဘူးဆိုရင် အငြင်းပွားမှု တွေကနေပြီးတော့ ပြဿနာအကြီး ပြန်ဖြစ်နိုင်ပါတယ်"

KNU ဟာတစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေး ထိုးခဲ့တာ ငါးနှစ်ရှိပြီဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းတွေ အကောင်အထည် ဖော်ဆောင်နေချိန် အတွင်းမှာ လုပ်ငန်းစဉ်တွေ နှေးကွေးတာနဲ့ တုန့်ဆိုင်းခြင်းတွေလည်း အစဉ်မပြတ် ကြုံနေရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဖြစ်ပွားနေတဲ့ ကပ်ရောဂါကြောင့်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ယာယီရပ်တန့်စေတဲ့ အခြေအနေကို ရင်ဆိုင်နေရပြီး ဒီရောဂါ ပြန့်ပွားမှု အရှိန်မသေအချင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အသက်ဝင်ဖို့ အလှမ်းဝေးနေအုံးမှာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။