သေဒဏ်ချမှတ်ခံထားရ တဲ့ မြန်မာနိုင်ငံသား ၂ ဦး လွတ်မြောက်ဖို့ ဆန္ဒပြတောင်းဆို

လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးရဲ့ အယူခံပယ်ချခံလိုက်ရတာကို လက်မခံကြောင်းနဲ့ ထိုင်းအစိုးရအနေနဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ရှေးရှုပြီး ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့ကို မြန်မာနိုင်ငံထံ ပြန်လည်လွဲှပြောင်းပေးဖို့ အမျိုးသားရေးညွန့်ပေါင်းအဖွဲ့က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

သေဒဏ်ချမှတ်ခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ လွတ်မြောက်ရေးအတွက် ဒီနေ့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ကျင်းပတဲ့ ဆန္ဒပြပွဲမှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာဖြစ်ပါတယ်။ အဲဒီကြေညာချက်ကို ဆန္ဒပြရာမှာပါဝင်တဲ့ နောင်တော်လေးက အခုလိုဖတ်ကြားခဲ့ပါတယ်။

"အမှုနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာသော CCTV မှတ်တမ်းများအရ သံသယဖြစ်ဖွယ်ရှိသော လူပုဂ္ဂိုလ်များကို တိုင်းရဲတပ်ဖွဲ့အနေနှင့် အကာ အကွယ်ပေးထားသည်မှာ ပေါ်လွင်ထင်ရှားနေသည်၊ ထိုင်း၊ မြန်မာနှစ်နိုင်ငံသည် အိမ်နီးချင်းဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံအတွင်း ဝင်ရောက် ပြီး ရာဇဝတ်မှုကျူးလွန်သော ထိုင်းနိုင်ငံသားများကို မြန်မာအစိုးရအနေဖြင့် အိမ်နီးချင်းကောင်းပီသစွာ ထိုင်းရဲအစိုးရထံပြန်လည်လွှဲပြောင်းပေးခဲ့ သည့် မှတ်တမ်းများရှိခဲ့ပါသည်၊ ယခုထိုင်း အစိုးရ ရဲတပ်ဖွဲ့များက တရားခံအဖြစ်သတ်မှတ်ထားသော ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အား နှစ်နိုင်ငံ ဆက်ဆံရေးကိုရှေးရှုပြီး မြန်မာနိုင်ငံအား ပြန်လည် လွှဲပြောင်းပေးရန်တောင်းဆိုသည်"

ဆန္ဒပြတောင်းဆိုရာမှာ ပါဝင်သူတွေဟာ နိုင်ငံတော် အကြီးအကဲတွေအနေနဲ့ မြန်မာနိုင်ငံသားနှစ်ဦး လွတ်မြောက် ဖို့အတွက် ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦးဟာ လူသတ် တရားခံတွေ မဟုတ်ကြောင်း၊ ထိုင်းရဲတပ်ဖွဲ့က မြန်မာနိုင်ငံသား ၂ ဦးကို အသုံးချဖမ်းဆီးထားတာဖြစ်ကြောင်း ၊ နိုင်ငံတကာအပါအဝင် မြန်မာရဟန်းရှင်လူတွေရဲ့ တောင်းဆိုမှုကို မျက်ကွယ်မပြုဘဲ အိမ်နီးချင်းနိုင်ငံ ပီသစွာ ဆောင်ရွက်ပေးစေလိုကြောင်းလည်း တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီတောင်းဆိုပွဲကို သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ် ၁၀၀ နီးပါး ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်ဦးဖြစ်တဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ဟာ လွန်ခဲ့တဲ့ ၂ဝ၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က အမှု ၇ ခုနဲ့ သေဒဏ် ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ဟာ အယူခံတရားရုံးထံ အယူခံတင်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၁ရက်နေ့က အယူခံပယ်ချခံလိုက်ရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံသား ၂ ဦးအနေနဲ့ နောက်ဆုံးအဆင့်အဖြစ် ထိုင်းနိုင်ငံတော် တရားရုံးချုပ်ကို ရက်ပေါင်း ၃ဝ အတွင်း အယူခံခွင့်ရှိပြီး မြန်မာအစိုးရက အယူခံဆက်တင်နိုင်ဖို့ စီစဉ်နေပါတယ်။