ကိုးကန့်တပ်ဖွဲ့က “ဝ” ဒေသဘက် ကုန်စည်သယ်ခွင့် ကန့်သတ်

RFA Burmese
2024.12.08
ကိုးကန့်တပ်ဖွဲ့က “ဝ” ဒေသဘက် ကုန်စည်သယ်ခွင့် ကန့်သတ် uwsa “ဝ” တပ်ဖွဲ့ ထိန်းချုပ်ဒေသ ဟိုပန်မြို့အတွင်း စက်သုံးဆီဝယ်ယူနေသည့် ဒေသခံများအား၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ကိုးကန့်တပ်မတော် (MNDAA) က UWSA “ဝ” တပ်ဖွဲ့ ထိန်းချုပ်ရာဒေသထဲ ကုန်စည်သယ်ဆောင်ခွင့်ကို ဒီဇင်ဘာလ ၇ ရက်ကစပြီး ကန့်သတ်လိုက်တယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။

MNDAA ထိန်းချုပ်နယ်မြေ ချင်းရွှေဟော်နဲ့ “ဝ” တပ်ဖွဲ့ ထိန်းချုပ်နယ်မြေ ဟိုပန်မြို့ ကြားက ဖောင်ဆိပ်တံတားကနေ ကုန်စည်သယ်ဆောင်ခွင့်တွေကို အပြန်အလှန် ကန့်သတ်လိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဟိုပန်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“အရင်က ဟိုပန်ဘက်ကနေပဲ ကိုးကန့်ထိန်းချုပ်တဲ့ လားရှိုး၊ ချင်းရွှေဟော်၊ ကွမ်းလုံမြို့တွေကို ကုန်သယ်ခွင့် မပေးတာ။ ဒါလည်း တရုတ်ဘက်က “ဝ” တပ်ဖွဲ့ကို ဖိအားပေးထားလို့ ပိတ်ထားတာ။ အခုတော့ ကိုးကန့် ဘက်လည်း သူတို့ထိန်းချုပ်ဒေသက ကုန်တွေကို “ဝ”ဘက် သွားခွင့်မပြုတော့ဘူး။ အပြန်အလှန် ကန့်သတ်လိုက်တဲ့သဘော ဖြစ်သွားတာပေါ့”

ကိုးကန့်တပ်ဖွဲ့ဘက်က ကန့်သတ်လိုက်တဲ့ ကုန်စည်တွေထဲမှာ ဟင်းသီး ဟင်းရွက်တွေလည်းပါတယ်လို့ ဟိုပန်မြို့ကို ကုန်ပို့နေတဲ့ လားရှိုးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒေသအတွင်းမှာ စားနပ်ရိက္ခာ ဖူလုံရေးအတွက်ဆိုပြီး အသီးအနှံတွေကအစ ကန့်သတ်လိုက်တယ်ဗျ။ ဖောင်ဆိပ် မှာ ကားတွေ ပိတ်ကုန်တယ်။ ဘယ်လို ဆက်ဖြစ်မလဲတော့မသိဘူး။ ကုန်တွေလည်း ပို့ဖို့ ခက်ကုန်တယ်”

ဒီကိစ္စနဲ့ ပတ်သက်လို့ MNDAA ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း မြောက်ပိုင်းညီနောင် သုံးဖွဲ့ကို တိုက်ပွဲတွေရပ်ဖို့ ဖိအားပေးတဲ့အနေနဲ့ တရုတ်ဘ ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA)နဲ့ UWSA “ဝ” တပ်ဖွဲ့ ထိန်းချုပ်ရာ နယ်စပ်ဂိတ်တွေကနေ ကုန်စည်သယ်ခွင့် ပိတ်ထားပါတယ်။

UWSA “ဝ” တပ်ဖွဲ့နဲ့ မိုင်းလားတပ်ဖွဲ့ (NDAA) အနေနဲ့လည်း MNDAA နဲ့ TNLA ထိန်းချုပ်ဒေသတွေကို ကုန်စည်တွေ မပို့ဖို့ တရုတ်က ဖိအားပေးထားပါတယ်။

ဒါကြောင့် UWSA “ဝ” တပ်ဖွဲ့က သူတို့ ထိန်းချုပ်တဲ့ ဟိုပန်၊ နမ့်တစ်မြို့တွေကနေ ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ရာ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကွမ်လုံနဲ့ သိန္နီမြို့နယ်အတွင်း ကုန်စည်သယ်ဆောင်ခွင့်ကို အောက်တိုဘာလဆန်းပိုင်းကစပြီး ကန့်သတ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။