ရှေ့နေဦးကိုနီနဲ့ ယာဉ်မောင်း ဦးနေဝင်း တို့အတွက် ဂုဏ်ပြုပွဲ ကျင်းပမည်


2017.02.22
koni-naywin-funeral-620.jpg ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ သေနတ်ပစ်ခံရပြီး သေဆုံးခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီနဲ့ အငှားယာဉ်မောင်း ဦးနေဝင်း တို့ရဲ့ ရုပ်အလောင်းကို ရန်ကုန်မြို့ ရေဝေးသုသာန်မှာ သဂြိုဟ်ခဲ့ပါတယ်။
Photo: Kyaw Zaw Win/RFA

ရန်ကုန်လေဆိပ်မှာ လုပ်ကြံခံခဲ့ရတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီနဲ့ အငှားယာဉ်မောင်း ဦးနေဝင်းတို့အတွက် ကျင်းပမယ့် ဂုဏ်ပြုပွဲကို တက်ရောက်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြား ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း က ပြောပါတယ်။

ဂုဏ်ပြုပွဲကို လာမယ့်ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ရန်ကုန်မြို့ရွှေဂုံတိုင်က တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပမှာဖြစ်ပြီး တက်ရောက်အမှာစကားပြောကြားေပး ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ဖိတ်ကြား ထားတယ်လို့ ဝန်ကြီး ဦးနိုင်ငံလင်း က ပြောပါတယ်။

''ပြည်သူလူထုထဲမှာ အခုလိုလုပ်ကြံခံခဲ့ရတာ အကူအညီပေးတာတွေရှိတယ်ပေါ့နော်၊ ဒီလိုကောင်းမွန် တဲ့ လုပ်ရပ်မျိုးကို နောင်လာနောက်သားတွေ က မလုပ်ရဲတော့မှာကြောက်တယ်ပေါ့ဗျာ၊ အဲလိုအခြေ အနေမျိုးမှာ အစိုးရအနေနဲ့ ဘာလုပ်ပေးမလဲပေါ့ဗျာ၊ ကောင်းမွန်တဲ့ယဉ်ကျေးမှုကို ပံ့ပိုးဖို့လို တယ်ပေါ့၊ တောင်းဆိုတဲ့အနေနဲ့ လုပ်တာရှိတယ်၊ နောက်ပြီးတော့ မေးခွန်းမေးတဲ့ ပုံစံမျိုးတွေရှိတယ်၊ ကျွန်တော်တို့က ဒါလုပ်သင့်တယ်ဆို ပြီးတော့ ကျနော်က ဦးကိုနီနဲ့ နီးစပ်တဲ့ မိတ်ဆွေတွေနဲ့ စုစည်းပြီးတော့ တိုင်ပင်ပြီးတော့ လုပ်တာပါခင်ဗျ''

အဲဒီအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လုပ်ဆောင်မှာမဟုတ်ဘဲ ရန်ကုန်တိုင်းဒေသ ကြီး လူမှုရေးဝန်ကြီးတစ်ဦးအနေနဲ့သာ လုပ်ဆောင်ပေးမှာဖြစ်ပြီး ဦးကိုနီ နဲ့ ဦးနေဝင်းတို့ရဲ့ မိသားစုဝင်တွေကို ဖိတ်ကြားဂုဏ်ပြုမှာဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က အင်ဒိုနီးရှားခရီးစဉ်ကနေ ပြန်ရောက်လာတဲ့ ရှေ့နေဦးကိုနီဟာ ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ အနီးကပ်လုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်။

လုပ်ကြံသူကို ဝိုင်းဝန်းဖမ်းပေးခဲ့ကြတဲ့ လေဆိပ်အငှားယာဉ်မောင်းတွေထဲက ဦးနေဝင်းဟာ သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပါတယ်။

လက်ရှိမှာ လုပ်ကြံသူ ဦးကြည်လင်းနဲ့ အမှုမှာပါဝင်ပတ်သက်သူ ဦးအောင်ဝင်းဇော်တို့ကို ဖမ်းမိထားတယ် လို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီအမှုမှာ နောက်ထပ်ပါဝင်ပတ်သက်သူ ဦးအောင်ဝင်းခိုင်ဆိုသူကိုတော့ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။