နိုင်ငံကူးလက်မှတ် NUG သက်တမ်းတိုးပေးမှုကို လက်မခံတော့ကြောင်း တောင်ကိုရီးယား ထုတ်ပြန်

RFA Burmese
2024.12.18
နိုင်ငံကူးလက်မှတ် NUG သက်တမ်းတိုးပေးမှုကို လက်မခံတော့ကြောင်း တောင်ကိုရီးယား ထုတ်ပြန် ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကြမည့် မြန်မာအလုပ်သမားများအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့က တွေ့ရစဥ်။
Facebook/ Migrant Times

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ တောင်ကိုရီးယား ကိုယ်စားလှယ်ရုံးက သက်တမ်းကုန်တဲ့ နိုင်ငံကူးလက်မှတ် စာအုပ်တွေကို တံဆိပ်တုံးထု သက်တမ်းတိုးပေးတာကို လက်မခံတော့ကြောင်း တောင်ကိုရီးယား အစိုးရက ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်သူတွေ၊ ယာယီနေထိုင်ခွင့် G1-99 ဗီဇာနဲ့ နေထိုင်သူတွေနဲ့ စစ်ကောင်စီဘက်မှာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့ အခက်အခဲရှိနေသူတွေကို တောင်ကိုရီးယားအခြေစိုက် NUG ကိုယ်စားလှယ်ရုံးက လွန်ခဲ့တဲ့ ဇူလိုင်လကတည်းက စစ်ကောင်စီနဲ့အပြိုင် နှစ်နှစ်သက်တမ်းတိုးပေးနေတာပါ။

ဒီလိုသက်တမ်းတိုးပေးတာကို တောင်ကိုရီးယားအခြေစိုက် NUG ကိုယ်စားလှယ်ရုံးကလည်း နိုဝင်ဘာလဆန်းကတည်းက ရပ်ဆိုင်းထားတယ်လို့ တောင်ကိုရီးယားအခြေစိုက် NUG ကိုယ်စားလှယ်ရုံးနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ရပ်ထားတာ ဟုတ်ပါတယ်။ ပြီးခဲ့တဲ့ လဆန်းလောက်ကတည်းက နှစ်ဖက်ပေါ့လေ။ ကိုရီးယား လူဝင်မှုကြီးကြပ်ရေးဘက်ကလည်း ဒီအပေါ်မှာ သူတို့ နည်းနည်းစိုးရိမ်မှုရှိတဲ့ အကြောင်းပြောလာတဲ့ အခါကျတော့ နှစ်ဖက်ညှိနှိုင်းပြီးတော့ ဒီတုံးထုပေးတာတွေကို ရပ်ထားတာပါ။ ကိုရီးယား လ.၀.က ကတော့ သတင်းအခုမှ ကြေညာတာပေါ့”

ဆိုးလ်မြို့မှာရှိတဲ့ စစ်ကောင်စီ မြန်မာသံရုံးကတော့ တောင်ကိုရီးယား နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ နိုင်ငံကူးလက်မှတ် တရားမဝင် သက်တမ်းတိုးတာတွေမလုပ်ဖို့နဲ့ အဲဒီနိုင်ငံကူးလက်မှတ်တွေကို ဖျက်သိမ်းပြီး အမည်ပျက်စာရင်း သွင်းသွားမယ်လို့ နိုဝင်ဘာလ ၉ ရက်နေ့မှာ ကြေညာခဲ့တယ်။

မြန်မာနိုင်ငံသားတွေ ပြောဆိုချက်အရ နှစ်နိုင်ငံ သဘောတူညီချက်နဲ့ တောင်ကိုရီးယားနိုင်ငံမှာ မြန်မာနိုင်ငံသား ခုနစ်သောင်းကျော် ရောက်ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။