ြမန်မာနိုင်ငံနဲ့ ဖက်စပ်လုပ်ငန်းအဖြစ် တရုတ်က တည်ဆောက်မယ့် ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းရဲ့ အရွယ်အစားကို မြန်မာဘက်က လျှော့ချလိုက်ပြီလို့ သိရပါတယ်။
စီမံကိန်းရဲ့ ပမာဏ အတော်များများကို လျှော့ချလိုက်တယ်လို့ ဒု-ဘဏ္ဍာရေးဝန်ကြီး ဦးဆက်အောင် က ပြော ဆိုကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။
ကျောက်ဖြူစီမံကိန်းကို အမေရိကန်ဒေါ်လာ ၇.၃ ဘီလျံ အကုန်အကျခံ တည်ဆောက်ဖို့ မူလက ရည်ရွယ်ခဲ့ပေမဲ့၊ သီရိလင်္ကာနဲ့ ပါကစ္စတန်မှာလို အကြွေးနွံနစ်သွားမှာကို မြန်မာဘက်က စိုးရိမ်တဲ့အတွက် တရုတ်နဲ့ ညှိနှိုင်းဆွေးနွေး ခဲ့ပြီးတဲ့နောက် ဒေါ်လာ ၁.၃ ဘီလျံသာ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်လိုက်တာလို့ ဦးဆက်အောင်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးဆိုင်ရာ အကြံပေးအရာရှိ ဒေါက်တာ Sean Turnell ကလည်း ပြန်လည် ပြင် ဆင်လိုက်တဲ့ ကုန်ကျစရိတ် ဒေါ်လာ ၁.၃ ဘီလျံ ဝန်းကျင် ပမာဏဟာ မြန်မာအတွက် ပိုပြီး အဆင်ပြေမယ်လို့ ဆိုပါတယ်။
ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းကို အဓိကတည်ဆောက်မယ့် တရုတ်နိုင်ငံပိုင် CITIC Group ကတော့ - ဒီကိစ္စကို ဆက်လက် ဆွေးနွေးနေဆဲဖြစ်ကြောင်း၊ စီမံကိန်းကို အဆင့် ၄ ဆင့်နဲ့ တည်ဆောက်မှာ ဖြစ်တဲ့အတွက်၊ အခု ဒေါ်လာ ၁.၃ ဘီလျံဆိုတာ ကနဦးအဆင့်အတွက် ဖြစ်ကြောင်း ပြောဆိုပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူကလည်း - ဒီကိစ္စနဲ့ပတ်သက်ပြီး နှစ်ဘက် ဆက်လက် ဆွေးနွေးနေ ဆဲလို့ နားလည်ကြောင်း ရိုက်တာသတင်းကို ပြောဆိုခဲ့ပါတယ်။
ဒုဘဏ္ဍာရေးဝန်ကြီး ဦးဆက်အောင်ကလည်း မြန်မာအနေနဲ့ စီမံကိန်းအတွက် ရင်းနှီးမြှုပ်နံှမှုချေးငွေနဲ့ ပတ်သက်ပြီး တစ်စုံတရာ အာမခံ ကတိပြု ထားတာ မရှိသေးကြောင်း၊ ကုန်ကျစရိတ်အပေါ် သုံးသပ်တွက်ချက်ဖို့ နိုင်ငံတကာ အတိုင်ပင်ခံကုမ္ပဏီတခုကို ငှားရမ်းမှာမို့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းရဲ့ အချိန်ဇယားဟာ လအတော်ကြာ အချိန်ယူနိုင်ကြောင်း ပြောဆိုပါတယ်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းဟာ တရုတ်ရဲ့ မဟာစီမံကိန်းကြီးဖြစ်တဲ့ စြင်္ကန်နဲ့ပတ်လမ်း အစီအစဉ်မှာ အဓိက ကျတဲ့နေရာကရှိနေပါတယ်။