ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ ညောင်လေးပင် ခရိုင်၊ ကျောက်ကြီးမြို့က ဒေသခံ ကရင်အရပ်ဘက် လူမှုရေးရာအဖွဲ့ဝင် စောလားကပေါ် ဇူလိုင်လ ၄ ရက်နေ့မှာ အသတ်ခံလိုက်ရတယ်လို့ အဲဒီအဖွဲ့က RFA ကို ပြောပါတယ်။
ဇူလိုင်လ ၄ ရက်နေ့က စစ်ဘေးဒုက္ခသည်တွေအတွက် လိုအပ်တဲ့ရိက္ခာပစ္စည်းတွေ ဝယ်ဖို့သွားချိန် အဆက်အသွယ် ပြတ်တောက်ပြီး အဖမ်းခံခဲ့ရတာလို့ အဲဒီအဖွဲ့က KNU ဗဟိုရဲ့ လူမှုကွန်ရက် စာမျက်နှာကတစ်ဆင့် ဇူလိုင်လ ၈ ရက်နေ့မှာလည်း သတင်းထုတ်ပြန် ထားပါတယ်။
စောလားကပေါ်ဟာ ညောင်လေးပင်ခရိုင်ထဲမှာ မြေပြင်ဆင်းပြီး စစ်ဘေးဒုက္ခသည်တွေကို စားရေးသောက်ရေး အဆင်ပြေအောင် ကူညီနေသူဖြစ်ပြီး ဘယ်အဖွဲ့ကဖမ်းပြီး သတ်သွားလဲဆိုတာ မသိရသေးဘူးလို့ လုပ်ဖော်ကိုင်ဖက်တစ်ဦးက RFA ကို ပြောပါတယ်။
“သူကတော့ ဒေသခံ အရပ်ဘက်လူမှုအဖွဲ့ဝင်ပေါ့။ စစ်ဘေးရှောင်တွေကို ရိက္ခာ ထောက်ပံ့ဖို့ အတွက် သွားရင်း အဖမ်းခံရတာပေါ့။ သူ့ ရွာကို ပိုက်ဆံယူပြီးအပြန်မှာ အဆက်အသွယ် ပြတ်သွားတာပေါ့။ အဲညနေကတည်းက ကြားတာတော့ အသတ် ခံလိုက်ရပြီလို့ ကြားတာပဲ။ အလောင်းလည်း ပြန်မရဘူး။ စျေးဝယ်ဖို့အတွက် ပိုက်ဆံတွေလည်း ပါသွားတယ်”
ဒါပေမဲ့ ညောင်လေးပင်ခရိုင် ဒေသခံ ကရင်အရပ်ဘက် လူမှုရေးရာအဖွဲ့အနေနဲ့ စစ်ဘေး ဒုက္ခသည်တွေရဲ့ အခက်အခဲကို ပြည်သူနဲ့အတူ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမယ် လို့လည်း ဆိုပါတယ်။
အသက် (၄၂) နှစ်အရွယ် စောလားကပေါ်မှာ ဇနီးဖြစ်သူနဲ့အတူ သားသမီးငါးဦး ကျန်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒေသခံ ကရင်အရပ်ဘက် လူမှုရေးရာအဖွဲ့အနေနဲ့ လုံခြုံရေးနဲ့ ဒေသငြိမ်းချမ်းရေးကို ပျက်ပြားစေတဲ့ လက်နက်ကိုင် အကြမ်းဖက်မှု မှန်သမျှကို ရှုတ်ချတယ်လို့လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
ညောင်လေးပင်ခရိုင်ထဲက ကျောက်ကြီးနဲ့ မုန်းမြို့တွေအတွင်းမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေတာကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် လေးသောင်းကျော် ရှိနေပြီဖြစ်ပါတယ်။