ကသာမြို့နယ် ကျောက်ထုံးကြီးရွာ စီးနင်းခံရပြီး ဒေသခံ ၅၀ ကျော်ကို ဖမ်းဆီးထား

စစ်ကိုင်းတိုင်း ကသာမြို့နယ် ကျောက်ထုံးကြီးရွာက နေအိမ်တချို့ကို ဩဂုတ်လ ၁၉ ရက် ဒီနေ့ မနက်မှာ စစ်ကောင်စီတပ်က မီးရှို့ခဲ့ပြီး ဒေသခံပြည်သူ ၅၀ ကျော်ကိုလည်း ဖမ်းဆီးစစ်ဆေး နေတယ်လို့ ကျောက်ထုံးကြီးရွာကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ထုံးကြီးရွာကို ဩဂုတ်လ ၁၅ ရက်နေ့ကတည်းက မဘိမ်းမြို့နယ် ငါးအိုးရွာအခြေစိုက် ခလရ (၁၂၁)၊ ရွှေကူမြို့နယ် အခြေစိုက် ခလရ (၅၆)၊ ခမရ (၆၀၂) တပ်တွေက စစ်ကောင်စီ တပ်သား အင်အား ၃၀၀ လောက်နဲ့ ဝင်ရောက်စီးနင်းထားပြီးနောက် ရွာခံတွေ ဖမ်းဆီးခံရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အခုရွာထဲမှာ နှစ်အိမ်၊ ရွာပြင်မှာ တစ်အိမ် စုစုပေါင်း သုံးအိမ် ရှို့သွားတယ်။ အခုလည်း ထပ်ရှို့နေတုန်းပဲလို့ သတင်းကြားရတယ်။ ပြည်သူ ၅၀ လောက် ပြန်ဖမ်းထားတယ်။ မှတ်ပုံတင်တွေစစ်ပြီး ဖမ်းတယ်။ ဟိုနေ့က ဖမ်းထားတဲ့ပြည်သူတွေကိုတော့ အကုန်ပြန် လွှတ်ပြီ။ တိုက်ပွဲတွေလည်းမရှိဘူး၊ ဒီတိုင်း သူတို့ဟာ သူတို့ပစ်တာတွေပဲရှိတယ်”

ကျောက်ထုံးကြီးရွာက အိမ်ခြေ ၁၅၀၀ လောက်ရှိတဲ့ ရွာကြီးဖြစ်ပြီး အိမ်ခြေ ၁၀၀၀ လောက်က ပြည်သူ ၃၀၀၀ လောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သူက ဆိုပါတယ်။

ဒီနေ့မနက် ၁၀ နာရီလောက်မှာ ကျောက်ထုံးကြီးရွာက ဈေးတန်းရပ်ကွက် နေအိမ်တစ်လုံးကို မီးစရှို့ပြီး နေ့လယ် ၁၂ နာရီအချိန်ထိ နေအိမ်လေးလုံး မီးလောင်ဆုံးရှုံးသွားပြီလို့ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကသာ-ပကဖ) ကလည်း ထုတ်ပြန်ထားပါတယ်။

ဩဂုတ်လ ၁၈ ရက် မနေ့ကလည်း ဂျက်လေယာဉ်နှစ်စင်းနဲ့ လုံခြုံရေးယူပြီး ကသာမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီတပ် သင်္ဘော ခြောက်စီးကို ကသာ PDF တွေ က မြစ်အနောက်ဘက်ကမ်း မိုးတားလေးရွာအနီးမှာ တိုက်ခိုက်ခဲ့တယ်လို့လည်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။