ကျောက်မဲမှာ လက်နက်ကြီးကျည်ကျလို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ်တွေပျက်စီး

ကျောက်မဲမြို့နယ် ကျွဲကုန်းကျေးရွာမှာ အောက်တိုဘာလ ၉ ရက်နေ့ မနေ့က ညပိုင်းက ရွာထဲကအိမ်တွေအပေါ် လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ည ခုနှစ်နာရီခွဲနဲ့ ရှစ်နာရီလောက်မှာ သေနတ်အသံတွေကို အရင်ကြားရပြီးနောက်ပိုင်းမှာ လက်နက်ကြီးသံတွေ ဆက်တိုက်ဆိုသလိုကြားခဲ့ရတယ်လို့ ကျွဲကုန်းကျေးရွာသားအချို့က RFA ကို ပြောပါတယ်။

လက်နက်ကြီးကျလို့ ကျွဲကုန်းရွာက ကိုတင်မောင်ဝင်းရဲ့ နေအိမ်ခေါင်မိုးတွေ ပျက်စီးခဲ့ပြီး မခမ်းကျန်ရဲ့ နေအိမ်တန်းလျားတွေလည်း ပျက်စီးခဲ့ပါတယ်။

မခမ်းကျန်အိမ်ဘေးက ကိုအောင်ခန့်ဆိုသူရဲ့ အမျိုးသမီးဟာ နဖူးနဲ့ခြေထောက်တွေမှာ ဒဏ်ရာရခဲ့ပါတယ်။

ကျောက်မဲမြို့နယ်ထဲမှာ တပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတာ တစ်ပတ်နီးပါး ရှိနေပြီဖြစ်ပါတယ်။