ကျောက်မဲမြို့ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှု ဒေသခံဆယ်ဦး သေဆုံး
2024.11.30
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ကို နိုဝင်ဘာ ၃ဝရက်နေ့ညနေမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ဆယ်ဦး သေဆုံးပြီး အယောက် ၂ဝ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။
ကျောက်မဲမြို့ အင်ကြင်းတောင်ရပ်ကွက်ကို နိုဝင်ဘာ ၃ဝ ရက်နေ့ ညနေ ၆ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅ဝဝ ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီတိုက်ခိုက်မှု နောက်ဆက်တွဲအခြေအနေ အသေးစိတ်ကို သိရဖို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို RFA က ဆက်သွယ်ထားပေမဲ့ ပြန်မဖြေသေးပါဘူး။
စစ်ခေါင်းဆောင်ရဲ့ တရုတ်ပြည်ခရီးစဉ်နောက်ပိုင်း နိုဝင်ဘာ ၁၀ ရက်နေ့ကစပြီး ၂၅ ရက်နေ့အထိ ကွတ်ခိုင်၊ မိုင်းငေ့ါ၊ မိုးကုတ်၊ နောင်ချို စတဲ့မြို့လေးမြို့မှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် လသားအရွယ် ကလေးအပါအဝင် ဒေသခံ ၂၈ ဦး သေဆုံးပြီး ၅ဝ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
TNLA ကတော့ နိုဝင်ဘာ ၂၅ရက်နေ့မှာ စစ်ရေးပဋိပက္ခတွေကို အဆုံးသတ်နိုင်ဖို့အတွက် တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းမှုနဲ့ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ကြေညာခဲ့ပါတယ်။
၁ဝ၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ တပ်စခန်းတွေ၊ စစ်ကြောင်းတွေကို တအာင်းဒေသမှာ ကင်းစင်သွားအောင် ဖယ်ရှားတိုက်ခိုက်နိုင်ပေမဲ့ စစ်တပ်က ပြည်သူလူထုကို ဦးတည်ပစ်မှတ်ထားပြီး လေကြောင်းကနေ ချေမှုန်းတိုက်ခိုက်နေတာကြောင့် စစ်ဘေးဒဏ်ခံနေရတဲ့ ဒေသခံပြည်သူတွေ အကျိုးကို ငဲ့ညှာထောက်ထားသလို မိမိတို့ရဲ့ ခုခံကာကွယ်ခွင့်အရေးကို ကိုင်စွဲထားပြီး တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ အသင့်ရှိတဲ့အကြောင်း ထုတ်ပြန်တာလို့ TNLA က ကြေညာခဲ့တာပါ။
ဒီလိုကြေညာပြီးနောက် ငါးရက်မြောက်နေ့မှာပဲ စစ်ကောင်စီတပ်က အခုလိုဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီက တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒမရှိတာ တွေ့ရတယ်လို့ တအာင်းဒေသ စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ကိုဆိုရ်ဒါင်းက သုံးသပ်ပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။