ကျောက်တော်မြို့နယ် လူထု တိုက်ပွဲကြောင့် အခက်ကြုံ

0:00 / 0:00

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဖျားဒေသက မြိုတိုင်းရင်းသားတွေဟာ အစိုးရတပ်မတော်နဲ့ AA အဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် အလုပ်လုပ်ကိုင်ဖို့ အဆင်မပြေတဲ့အတွက် လတ်တလောမှာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

မြိုတိုင်းရင်းသားတွေဟာ တောင်တန်းတွေမှာနေထိုင်ကြကာ သစ်၊ ဝါးခုတ်လုပ်ငန်းနဲ့ အသက်မွေးကြတာဖြစ်ပြီး တိုက်ပွဲတွေကြောင့် မသွားရဲ၊ မလာရဲ ဖြစ်နေကြလို့ အခက်အခဲတွေ ဖြစ်နေတာလို့ မြိုအမျိုးသားဒီမိုကရေစီ ပါတီ ဥက္ကဌ ဦးဦးမြထွန်း က ပြောပါတယ်။

"တိုက်ပွဲဖြစ်တဲ့နေရာဆိုတော့ တောတောင်မှာ သွားပြီးတော့ သစ်ခုတ်ဝါးခုတ်ဖို့ မသွားရဲ မလာရဲကြဘူးလေ၊ စားဝတ်နေရေးက အခက်အခဲတွေဖြစ်တာပေါ့၊ "

အဲ့ဒီလို စားဝတ်နေရေးအခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့ ဒေသခံမြိုတိုင်းရင်းသားတွေက ရခိုင်ပြည်နယ် အစိုးရထံ တောင်းဆိုထားပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်နေတဲ့ဒေသဖြစ်တာကြောင့် ညဘက်အပြင်မထွက်ကြဖို့လည်း အစိုးရတပ်မတော်ဘက် က ဒေသခံတွေကို သတိပေးထားတယ်လို့ ဦးဦးမြထွန်း က ပြောပါတယ်။

ယိုးချောင်းဖျားဒေသတလျှောက်မှာ မြိုတိုင်းရင်းသားကျေးရွာ ၁ဝ ရွာလောက်ရှိပြီး လူဦးရေ ၁ဝဝဝ နီးပါး နေ ထိုင်ကြတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့လောက်ကနေစပြီး အစိုးရတပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး မြိုတိုင်းရင်းသားတွေနေထိုင်တဲ့ ကျေးရွာတွေမှာ အများဆုံးဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

မြိုအမျိုးသားဒီမိုကရေစီပါတီ ဥက္ကဌ ဦးဦးမြထွန်း ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ် မေးမြန်းထားပါတယ်။