ဝန်ကြီး ဦးကျော်ဝင်းရဲ့ အိမ်ကို ဝင်စစ်ဆေးတဲ့ကိစ္စ ပါတီဘက်က မသိကြောင်းပြော


2018.05.13
accm-status-622.jpg အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ ၂၀၁၈ ခုနှစ်၊ မေလ ၁၃ ရက်နေ့ Facebook ထုတ်ပြန်ချက်ကို တွေ့ရစဉ်
.

စီမံကိန်းနဲ့ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း ရဲ့ နေအိမ်ကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) က တာဝန်ရှိသူတွေ ဝင်ရောက်ရှာဖွေပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးနေတယ် ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ပါတီအနေနဲ့ မသိရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတိုင်ကြားစာ စိစစ်ရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာ မျိုးညွန့် က ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း နေအိမ် ဝင်ရောက်ရှာဖွေစစ်ဆေးခံနေရတယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်မှာ ထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး ပါတီခေါင်းဆောင်တွေဘက်က ဘာတွေသိရှိထားလဲလို့ RFA က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းရာမှာ ဒေါက်တာ မျိုးညွန့် က အခုလိုပြောပါတယ်။

"အဲဒါကတော့ အုပ်ချုပ်ရေးပိုင်းကလုပ်တော့လေ ကျနော်တို့မှာ သတင်းတွေနဲ့ မရပါဘူးခင်ဗျ၊ အုပ်ချုပ်ရေးက လုပ်တဲ့ဟာပါခင်ဗျ၊ ကျနော်တို့ မသိပါဘူးခင်ဗျ၊ ကျနော်တို့ ပါတီလိုင်းကတော့ ဘာမှလုပ်ထားတာမရှိပါဘူး၊ အုပ်ချုပ်ရေးက တာဝန်ရှိတဲ့လူတွေပဲမေးလို့ရမယ်ခင်ဗျ"

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း နေအိမ်ကို မေလ ၁၂ မနက်ပိုင်းမှာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) က တာဝန်ရှိသူတွေ ဝင်ရောက်ရှာဖွေကာ သားဖြစ်သူကို စစ်ဆေးနေတယ်ဆိုပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်မျိုး ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ စသုံးလုံးက ဆောင်ရွက်တာမဟုတ်ဘူး လို့ ငြင်းဆိုပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ (၆) ဖွဲ့နဲ့ အဂတိလိုက်စားမှုတွေကို စစ်ဆေးရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့အပြင် တိုင်ကြားစာ (၁၈) ခု ကိုလည်း ကြိုတင်စုံစမ်းမှု ပြုလုပ် နေကြောင်းနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ကော်မရှင်က စစ်ဆေးဆဲအမှုတွေကို လျှို့ဝှက်ထားမှာဖြစ်တာကြောင့် အသေးစိတ်မထုတ်ပြန်နိုင်ဘူးလို့ ဒီကနေ့ နေ့လည်ပိုင်းမှာ အသိပေးချက်ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်ထောင်စုဝန်ကြီးအချို့နဲ့ ပြည်နယ်ဝန်ကြီးချုပ် တချို့ကို ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ပြောင်းလဲမယ့် ဝန်ကြီးတွေအမည်စာရင်းထဲမှာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းလည်း ပါဝင်ပါတယ်။

ဦးကျော်ဝင်းဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီရဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသူဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။