မီးရှို့ခံ ကျီစုရွာက ဒေသခံ ၄၀၀၀ ခန့် အရေးပေါ်အကူအညီလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က လူ ၄၀၀၀ ခန့်နေထိုင်တဲ့ ကျီစုရွာမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ နဲ့ ၁၉ ရက်နေ့တွေက လူနေအိမ် ၅၀၀ ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရပြီးနောက် အရေးပေါ် စားနပ်ရိက္ခာတွေ အပါအဝင် အကူအညီတွေ လိုအပ်နေတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

ကျေးရွာသားတွေဟာ လက်ရှိမှာ ဖြစ်သလိုနေထိုင်နေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တောင်တောင်မရှိဘဲ လယ်ကွင်းတွေပဲရှိတယ်။ နောက်ပြီး ရွာနားက ရွာက ပျူရွာတွေ၊ အသက်ကြီးပိုင်းတွေဆို တအားဒုက္ခရောက်နေတယ်။ မူးဘောင်ဘေးမှာ ဖြစ်သလို နေနေကြရတယ်၊ အကူအညီတွေလိုအပ်နေတယ်"

အစ္စလာမ်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ စုပေါင်းနေထိုင်ကြတဲ့ ကျီစုကျေးရွာကို ဇူလိုင်လ ၁၈ ရက်နေ့က စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ဝင်ရောက် ပြီးနောက် နေအိမ် ၅၀၀ ခန့် မီးရှို့ခံခဲ့ရသလို လူ ၁၀ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ရွာထဲကနေ ပြန်လည်ထွက်ခွာသွားပြီးနောက် ဇူလိုင်လ ၂၀ ရက် မနေ့က သတ်ဖြတ် ခံထားရတဲ့ ရုပ်အလောင်းတွေကို ပြာပုံတွေကြားမှာ မီးလောင်ကျွမ်း လျက်သား တွေ့ရှိခဲ့ကြတာဖြစ်ပြီး ဒီနေ့ သင်္ဂြိုဟ်လိုက်ကြတယ်လို့လည်း ပြောပါတယ်။

သတ်ဖြတ်ခံရသူ ၁၀ ဦးဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် ကိုခင်မောင်ဆန်းနဲ့ ကိုနေဇာထွန်း၊ အသက် ၂၇ နှစ်အရွယ် ကိုစိုးအောင်၊ အသက် ၂၃ နှစ်အရွယ် ကိုအောင်ဝင်းဌေး၊ အသက် ၂၂ နှစ်အရွယ် ကိုစိုးမိုးအောင်နဲ့ ကိုအောင်စိုးဝင်း၊ အသက် ၂၀ အရွယ် ကိုမိုးသင်း၊ အသက် ၄၀ အရွယ် ကိုမောင်ကြီးနဲ့ အသက် ၄၅ နှစ်အရွယ် ကိုတင်ကြွေတို့ဖြစ်ပြီး ကျန်တစ်ဦးအမည်ကိုတော့ မသိရသေးဘူးလို့ ကျေးရွာသားတွေက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ကြိုးစားရာမှာလည်း အကြောင်းမပြန်သေးပါဘူး။