အရှေ့တောင်အာရှ နိုင်ငံတွေက အလုပ်သမားတွေ အနိမ့်ဆုံးလစာ ဒေါ်လာ ၄ဝ ကျော်ကနေ ၁၇ဝ နီးပါး ရနေချိန်မှာ မြန်မာနိုင်ငံမှာတော့ နိုင်ငံခြားကုမ္ပဏီပိုင် စက်ရုံတွေမှာ လုပ်နေတဲ့ မြန်မာအလုပ်သမားတွေဟာ တလကို အမေရိကန် ဒေါ်လာ ၂ဝ နီးပါးသာ ရကြတာကြောင့် အခုလို စစ်အစိုးရကို တိုက်တွန်းရတာ ဖြစ်ကြောင်း သွေးစည်းညီညွတ်ရေး အဖွဲ့ချုပ်က ဆိုပါတယ်။
ဒါပေမယ့်လည်း မြန်မာစစ်အစိုးရဟာ မိမိတို့ မြန်မာအလုပ်သမားတွေ ရသင့်ရထိုက်တဲ့ လုပ်ခလစာကို တောင်းပေးရမယ့်အစား နိုင်ငံခြားက လာရောက် ရင်းနှီးမြုပ်နှံတဲ့ ကုမ္ပဏီတွေနဲ့ အကျိုးတူ ပူးပေါင်း လုပ်ကိုင်နေပြီး အလုပ်သမားတွေ အရေးကို လျှစ်လျူရှုထားသလို တွေ့နေရကြောင်း ထောက်ပြထားပါတယ်။
မြန်မာနိုင်ငံတွင်းက နိုင်ငံခြားကုမ္ပဏီပိုင် စက်ရုံ အလုပ်ရုံတွေမှာ လုပ်နေတဲ့ မြန်မာ အလုပ်သမားတွေရဲ့ လုပ်ခလစာဟာ အရှေ့တောင်အာရှမှာ အနိမ့်ဆုံး ဖြစ်နေတယ်လို့ ဆိုပါတယ်။
အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်မှာ အလုပ်သမားတဦးကို အနိမ့်ဆုံးလစာ ၄၃ ဒေါ်လာ၊ ကမ္ဘောဒီးယားမှာ ၆၁ ဒေါ်လာ၊ အင်ဒိုနီးရှားမှ ၁၂၃ ဒေါ်လာနဲ့ တရုတ်နိုင်ငံ ရှန်ဟိုင်း စက်မှုဇုန်မှာ တလ ၁၆၆ ဒေါ်လာ ရကြကြောင်း မြန်မာနိုင်ငံ အလုပ်သမား၊ လယ်သမား သွေးစည်းညီညွတ်ရေး အဖွဲ့ချုပ်ရဲ့ ကြေညာချက်က ဆိုပါတယ်။
မြန်မာအစိုးရသစ်ရဲ့ သမ္မတ လစာဟာ တလကို ကျပ်သိန်း ၅ဝ နဲ့ ကား ခြောက်စီး ခံစားခွင့်ရနေချိန်မှာ မြန်မာ အလုပ်သမားတွေကတော့ တလကို ကျပ်သုံးသောင်း ဝန်းကျင်သာ ရတာကြောင့် ဒီလို ကွာဟမှုမျိုး မဖြစ်သင့်ကြောင်းလည်း ကြေညာချက်မှာ ထောက်ပြထားပါတယ်။
