မြန်မာရွှေ့ပြောင်းအလုပ်သမား အကာအကွယ်ပေးခြင်းဆိုင်ရာ နည်းလမ်းတွေနဲ့ ပတ်သက်လို့ ဘန်ကောက် မြန်မာသံရုံးက အလုပ်သမားသံမှူး ဦးကျော်ကျော်လွင် နဲ့ ဒေသတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ အမြင်ဖလှယ် တဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို မဲဆောက်မြို့ စင်ထရယ်ဟိုတယ်မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ပထမအကြိမ် အဖြစ် ရွှေ့ပြောင်းအလုပ်သမားအရေးတေွကို လာရောက်ဆွေးနွေး အမြင်ဖလှယ်တာနဲ့ ပတ်သက်လို့ အလုပ်သမားသံမှူး ဦးကျော်ကျော်လွင်က RFA ကို အခုလို ပြောပါတယ်။
"အဓိကကတော့ ကျနော်တို့က နိုင်ငံတော်အစိုးရ ကနေပြီးတော့ ပြည်ပနေအလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီကို ဖွဲ့ပေးထားတယ်၊ အဲဒီကြီးကြပ်ရေးကော်မတီရဲ့ လမ်းညွန်မှုနဲ့ ဒီမှာရောက်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ဘယ်လိုကာကွယ်စောင့်ရှောက်နေသလဲ နောက် ပြီးတော့ အထောက်အထားမရှိတဲ့ အလုပ်သမားတွေကို အထောက်အထားရှိအောင် ဘယ်လိုဆောင်ရွက်ပေးနေသလဲဆိုတဲ့ဟာကို ကျယ်ကျယ်ပြန့်ပြန့်သိစေချင်လို့ ကျနော်တို့ လာဆွေးနွေးပေးတာဖြစ်ပါတယ်၊ အထောက်အထားမဲ့တွေကို အထောက်အထားရှိဖို့အတွက်ကတော့ ကျနော်တို့ ယာယီပတ်စပို့စ်ရုံးတွေဖွင့်ပေးထားတယ်။ အဲဒါနဲ့ ဆောင်ရွက်တယ်။ နောက် ဒီအလုပ်သမား အခွင့်အရေးတွေ ရရှိဖို့ကတော့ ဒီထိုင်းနိုင်ငံမှာရှိတဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ ကျနော်တို့ဆောင်ရွက်ပေးနေတယ်၊ နောက်ပြီးတော့ ကာကွယ်စောင့်ရှောက်တဲ့အခါမှာလည်း တတ်နိုင်သလောက် ဝ ိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါဆိုတဲ့ဟာလည်း ကျနော်ပြောချင်တာပေါ့နော်"
မဲဆောက်ဒေသ လူထုအခြေပြု အဖွဲ့အစည်းနဲ့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေဘက်ကတော့ ဒေသတွင်းဆုံးရှုံးနေတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေရဲ့ အလုပ်သမားအခွင့်အရေးနဲ့ အခြေခံလုပ်ခလစာပြဿနာ၊ လုပ်ငန်းခွင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေနဲ့ ရွှေ့ပြောင်းအလုပ်သမား သားသမီးတွေရဲ့ ပညာရေး၊ လူကုန်ကူးခံရမှုနဲ့ လူကုန်ကူးမှုကာကွယ်ခြင်းစတဲ့ ခေါင်းစဉ်တွေနဲ့ မဲဆောက်ဒေသတွင်းက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေတွေကို ဆွေးနွေးတင်ပြခဲ့တာဖြစ်ပါတယ်။
မြန်မာအစိုးရဘက်က အလုပ်သမားသံမှူးနဲ့ ဆွေးနွေးအမြင် ဖလှယ်ခွင့်ရတဲ့အတွက် ရွှေ့ပြောင်းအလုပ်သမားအရေးလုပ်ဆောင်နေတဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေကြား ပူးပေါင်းလုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေရရှိတယ်လို့ MRPWG အဖွဲ့ဝင် ဦးမိုးကြိုးက အခုလိုပြောပါတယ်။
"ဒီနေ့ မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင်နဲ့ ဒေသတွင်းမှာရှိတဲ့ အလူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ တွေ့ကြတာဖြစ်တယ်။ အရင်တုန်းက တခါမှမရှိခဲ့ဘူး ဒါမျိုးအခုကျနော်တို့ တစ်ယောက်နဲ့ တစ်ယောက် သူ့သဘော ကိုယ့်သဘော အကြမ်းဖျင်းနားလည်သွားပြီ၊ နဂိုကထက်ပိုပြီးတော့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အလုပ်သမားရေးရာပြဿနာတွေ ပညာရေးကျန်းမာရေးနဲ့ လူမှုရေးရာကိစ္စတွေကို ကျနော်တို့လက်တွဲပြီး အလုပ်လုပ်ကြမယ်ဆိုတဲ့ ရလဒ်တစ်ခုရတယ်လို့ ကျနော်က သဘောပေါက်ပါတယ်ခင်ဗျ"
အလုပ်သမားသံမှူး ဦးကျော်ကျော်လွင်နဲ့ မဲဆောက်ဒေသတွင်းက NGOs အဖွဲ့တွေ၊ ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ဆောင်နေတဲ့သူတွေ အခုလို တွေ့ဆုံဆွေးနွေး အမြင်ဖလှယ်နိုင်ဖို့ ရွှေ့ပြောင်းနေထိုင်သူများ အခွင့်အရေးမြှင့်တင်ရေးအလုပ်အဖွဲ့ MRPWG က ဦးဆောင်စီစဉ်ခဲ့တာဖြစ်ပြီး ဆွေးနွေးပွဲကို MRPWG အဖွဲ့ဝင်တွေအပါအဝင် NGOs အဖွဲ့က တာဝန်ရှိသူစုစုပေါင်း ၈ဝ ကျော်တက်ရောက်ခဲ့ပါတယ်။