ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်ပတဲရွှေမှော်တဝိုက်မှာ မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အင်းတော်ကြီးဒေသ လွဲမွန်ရွာထဲက မိသားစုဝင် ၃ဦး မိုင်းထိမှန်တာလို့ လွဲမွန်ရွာအုပ်ချုပ်ရေးမှူး ဦးသောင်းစိန် က ပြောပါတယ်။
"အဖွားကတော့ ညာဘက်ခြေထောက်နဲ့ လက်မောင်းမှာ ဒဏ်ရာအနည်းငယ် ရရှိတယ်လို့သိရတယ်ခင်ဗျ။ နောက် သူ့သားကတော့ ညာဘက်ခြေထောက်။ သူ့မြေးကတော့ ကျောရိုးမကြီးနဲ့ လက်ပြင်မှာ ဒဏ်ရာရတယ်လို့တော့ သိရတယ်ဗျ။ ကျနော်တို့ပြည်သူအနေနဲ့တော့ မိုင်းကင်းရှင်းဖို့ကတော့ ဖြစ်စေချင်ပါတယ်ဗျ။ မိုင်းတွေ မိုင်းကြွင်းမိုင်းကျန်ပဲဖြစ်ဖြစ်၊ ထောင်တာပဲဖြစ်ဖြစ် မရှိစေချင်ပါဘူးဗျ။"
အဲဒီလို ဒဏ်ရာရသူတွေဟာ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးကြီး ၁ ဦး၊ သူ့ရဲ့သားဖြစ်သူနဲ့ မြေးတစ်ဦး ဖြစ် တယ်လို့ သိရပါတယ်။
မိုင်းပေါက်ကွဲတဲ့နေရာကို အုပ်ချုပ်ရေးအဖွဲ့နဲ့ ကျေးရွာက ကားတွေ၊ ဆိုင်ကယ်တွေနဲ့ သွားရောက်သယ်ဆောင်ပြီး လုံးတုံဆေးရုံကနေတဆင့် မြစ်ကြီးနားဆေးရုံကို ပို့ဆောင်ထားတာဖြစ်ပါတယ်။
မိုးကောင်းမြို့နယ် ဆားမှော်ရွာက ဒေသခံတောင်သူတွေ စုပေါင်းပြီး မိုင်းထောင်ဖောက်ခွဲမှုတွေကို ဆန့်ကျင်ကန့်ကွက်ကြောင်း ၂၀၁၆ ခုနှစ်အတွင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။
၂၀၁၇ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က ကချင်ပြည်နယ် ရဲတပ်ဖွဲ့ရုံးကနေ သိရတဲ့စာရင်းတွေအရ ၂၀၁၁ ခုနှစ်ကစပြီး ၂၀၁၇ ဇူလိုင်လကုန်အထိ ၆ နှစ်တာကာလအတွင်း တပြည်နယ်လုံးမှာ မြေမြှုပ်မိုင်းအပါအဝင် မိုင်းပေါက်ကွဲမှု အကြိမ် ရှစ်ရာကျော်ဖြစ်ပွားခဲ့ပါတယ်။
