ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇူကိုင်းရွာမှာ ဇူလိုင်လ ၉ ရက် မနေ့က အသက် ၁၅ နှစ် အရွယ် ရှစ်တန်း ကျောင်းသား ကိုစည်သူကျော်လင်းဟာ တောင်ပေါ်မျှစ်ချိုးထွက်ချိန် မိုင်းနင်းမိပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုင်းနင်းမိတဲ့နေရာဟာ မိုင်းကွင်းဧရိယာဖြစ်နေလို့ ဖခင်ကိုယ်တိုင် အလောင်းသွားသယ်ခဲ့ ရတယ်လို့ ကိုစည်သူကျော်လင်းနဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“တခြားသူတွေကလည်း တောင်ပေါ်မျှစ်ချိုးထွက်တော့ ကျောင်းပိတ်ရက်မို့ သူလည်း သွားတာပေါ့။ အဲဒီမှာ မိုင်းနင်းမိသွားတာ။ မိုင်းကွင်းဧရိယာဖြစ်နေတော့ ဘယ်သူမှ သွားမယူရဲတော့ အဖေဖြစ်သူကိုယ်တိုင် အလောင်းကိုသွားယူပြီး ရွာထဲကို ထမ်းပြန် လာရတာ။ အခုလိုဆုံးသွားတာ အရမ်းဝမ်းနည်းရပါတယ်”
အလောင်းကို ဒီနေ့မနက်မှာမှ သွားယူခဲ့ရပြီး ရွာမှာပဲ သင်္ဂြိုဟ်လိုက်တယ်လို့ ကိုစည်သူ ကျော်လင်းနဲ့ ဆွေမျိုးတော်စပ်သူက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း အဲဒီရွာအနီးက မိုင်းကွင်းမှာပဲ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး သေ ဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင်လ ၈ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ရွာမှာ ကလေးလေးဦး မိုင်း ထိခဲ့ပြီး နှစ်ဦးကတော့ ဒဏ်ရာပြင်းထန်းတယ်လို့ ရခိုင်ပြည်နယ် အရေးပေါ်ကူညီကယ် ဆယ်ရေးအဖွဲ့ (ARE) က ထုတ်ပြန်ထားပါတယ်။
ARE အဖွဲ့ရဲ့ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မှာ တစ်နေ့ကို တစ်ဦးနှုန်းလောက် မိုင်း ကြောင့် ဒဏ်ရာရတာနဲ့ သေဆုံးတာတွေရှိနေပြီး အများစုကတော့ ကလေးတွေဖြစ်တယ်လို့ ဆိုပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီး ၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၂ ဧပြီလအထိ ၁၅ လအတွင်း မြေမြှုပ်မိုင်းအပါအဝင် စစ်ကျန် လက်နက်ပစ္စည်း ပေါက်ကွဲမှုကြောင့် ကလေးငယ် ၁၁၅ ဦးထိ သေဆုံး၊ ဒဏ်ရာရခဲ့တယ်လို့ UNICEF Myanmar က ဇွန်လ ၂၄ ရက်နေ့က သတင်း ထုတ်ပြန်ထားပါတယ်။