ချင်းပြည်နယ် မင်းတပ်မြို့မှာ ဒီဇင်ဘာ ၅ ရက် မနေ့က သားအမိနှစ်ဦး နေအိမ်ရှေ့မှာရှိနေစဉ် မိုင်းနင်းမိလို့ မိခင်ဖြစ်သူ သေဆုံးပြီး လေးနှစ်အရွယ် သမီးဖြစ်သူ ခြေထောက်ပြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါ တယ်။
မနေ့မနက်ပိုင်းက သားအမိနှစ်ယောက် တောင်ယာကနေပြန်လာပြီး စံပြရပ်ကွက်က သူတို့နေအိမ် အရောက် မှာ မိုင်းကွဲခဲ့တာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့က တောင်ယာကနေ ပြန်လာတယ်။ သူတို့ အိမ်ရှေ့မှာ ထိုင်တယ်။ ကလေးက ဟိုပြေး ဒီပြေး ဆော့တာ။ ဆော့ရင်းနဲ့မှ မိုင်းကို ကွဲသွားတာ အမေက မိုင်းထိတော့ ပွဲချင်းပြီး သေသွားတာ။ မိုင်းနင်းမိတဲ့ ကလေးလေးက ခြေထောက်ပြတ်သွားတယ်”
သေဆုံးသွားတဲ့ မိခင်ဟာ အသက် ၄၉ နှစ်အရွယ် ဒေါ်ဟုန်းအွယ်ဖြစ်ပြီး လေးနှစ်အရွယ် မိန်းကလေး မရွှေလိုန်း ကတော့ ညာဘက်ခြေထောက်ပြတ်သွားခဲ့ပြီး လက်ကျိုး၊ ဦးခေါင်းမှာလည်း ဒဏ်ရာပြင်းထန်ခဲ့ကာ ပခုက္ကူမြို့ဆေးရုံကို ပို့ပေးခဲ့တယ်လို့ မင်းတပ်မြို့ ပရဟိတအဖွဲ့က ကိုလိန်းလော က ပြောပါတယ်။
ဒါ့အပြင် မိုင်းပေါက်ကွဲစဉ် အဲဒီအနီးအနားရှိနေတဲ့ အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာ အနည်းငယ်ရခဲ့တယ် လို့လည်း ဆိုပါတယ်။
နေအိမ်ရှေ့မှာ ထောင်ထားတဲ့မိုင်းကနေ ပေါက်ကွဲခဲ့လို့ ဒေသကာကွယ်ရေးအဖွဲ့ CDF တို့ ထောင်တဲ့ မိုင်းမဟုတ်ဘဲ စစ်တပ်ဘက်က ထောင်တဲ့မိုင်းဖြစ်နိုင်တယ်လို့ CDF မင်းတပ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောပါတယ်။
ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်ကောင်စီတပ်က ထောင်တဲ့မိုင်းကြောင့် ဒေသခံတွေ မိုင်းနင်းမိတာ ၇ ကြိမ် လောက်ရှိခဲ့ပြီး သေဆုံးသူ နှစ်ဦးရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
ချင်းပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ CDF တပ်တို့ မကြာခဏ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီး နှစ်ဖက်စလုံးက မိုင်းတွေထောင် ဖောက်ခွဲတာမျိုးတွေလည်း ရှိနေပါတယ်။
