နေရာကွက်ပြီး မိုးကြီးတာတွေဟာ နောက်ထပ် သုံးရက်လောက် ဆက်ဖြစ်နိုင်တာကြောင့် ရေကြီးနစ်မြုပ်တာတွေဖြစ်နေတဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့မှာ မြေပြိုတာတွေကို ထပ်သတိထားသင့်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။
လာမယ့်ရက်တွေမှာ မိုးဟာ သြဂုတ် ၈၊ ၉ ၊ ၁၀ ရက်တွေမှာ ရွာခဲ့တဲ့ မိုးရေချိန်လောက် မများပေမယ့် အရင်ရွာခဲ့တဲ့ မိုးရေတွေကြောင့် ရေပျော်ဝင်မှုတွေရှိနေတဲ့အတွက် သတိထားရမှာဖြစ်တယ်လို့ ဦးကျော်မိုးဦးက RFA ကိုပြောပါတယ်။
စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့၊ သံလွင်မြစ်ရေဟာ ဘားအံမြို့၊ သောင်ရင်းမြစ်ဟာ မြဝတီမြို့၊ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့၊ ပဲခူးမြစ်ရေဟာ ပဲခူးမြို့၊ ငဝန်မြစ်ရေဟာ သာပေါင်းမြို့တွေမှာ စိုးရိမ်ရေအမှတ်ထက်မှာ ရှိနေတယ်လို့လည်း မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မုတ်သုံလေအားကောင်းနေတာကြောင့် မိုးများနေဦးမှာဖြစ်ပြီး ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်၊ တနင်္သာရီ၊ မွန်၊ ကရင်နဲ့ ကချင်စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့က မွန်ပြည်နယ်၊ ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာမှာ မြေပြိုမှုဖြစ်တာကြောင့် ဒီနေ့ညနေအထိ သေဆုံးသူ ၅၉ ဦးရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိထားကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
(RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့သည်)