လားရှိုးမြို့ ဗုံးကြဲတိုက်ခိုက်ခံရ
2024.08.30
ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီတပ်က ဩဂုတ် ၃ဝ ရက်နေ့ညမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ည ၉ နာရီလောက်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲချခဲ့တာဖြစ်ပြီး လူအထိအခိုက် မရှိဘူးလို့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ထွေထွေထူးထူး ထိခိုက်တာတော့ မကြားမိဘူး။ အခုတော့ လေယာဉ်သံ မကြားရတော့ဘူး။ နေအိမ်၊ အဆောက်အအုံတွေ ပျက်စီးတာ ရှိ မရှိတော့ အခု မသိရသေးဘူး”
လားရှိုးမြို့ ရပ်ကွက် ၁ဝ ဘက်မှာ ဗုံး နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး နောက်တစ်လုံးကတော့ မပေါက်ကွဲဘူးလို့လည်း နောက်ထပ် မြို့ခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို MNDAA က ဒီလဆန်းမှာ တိုက်ခိုက် သိမ်းပိုက်ပြီးနောက် လားရှိုးမြို့မှာ အုပ်ချုပ်ရေးယန္တရားလည်ပတ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးတွေကို MNDAA က ခန့်အပ်ပြီး ဖုန်းနဲ့ အင်တာနက် ဆက်သွယ်ရေးစနစ်တွေရအောင်လည်း စီစဉ်နေပါတယ်။
ဒါ့အပြင် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ထားတဲ့ ဝန်ထမ်းတွေကို လုပ်ငန်းခွင်ပြန်ဝင်ဖို့ MNDAA က ဖိတ်ခေါ်နေပါတယ်။ MNDAA ရဲ့ အုပ်ချုပ်ရေးယန္တရားမှာ ပါဝင်လုပ်ကိုင်ဖို့ စာရင်းပေးထားတဲ့ CDM ဝန်ထမ်း ၂၇ဝ ကျော် ရှိနေပြီလို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့အပါအဝင် တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့၊ ရွာတွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပိုများလာတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောထားပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်၊ ကွတ်ခိုင်၊ နမ့်ဆန်၊ သိန္နီ၊ ရခိုင်ပြည်နယ် မြောက်ဦး၊ ကချင်ပြည်နယ် လိုင်ဇာနဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ်တွေမှာ ဇူလိုင်လ ၁ ရက်နေ့ ကနေ ဩဂုတ်လ ၁၂ ရက် မနေ့ကအထိ တစ်လကျော်အတွင်း လေကြောင်းကနေ အကြိမ် နှစ်ဆယ်ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ ပြန်မဖြေပါဘူး။