လက်ပံတန်းသပိတ် ရှေ့နေကိုတရားစွဲတဲ့အမှု သုံးနှစ်ကြာအထိ မရုပ်သိမ်းသေး

လက်ပံတန်းကျောင်းသားသပိတ်မှာ ဖမ်းဆီးခံရတဲ့ကျောင်းသားတွေကို ရှေ့နေလိုက်ပေးခဲ့ပြီး တရားစွဲဆိုခံရတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ကျော်နဲ့ ဗကသကျောင်းသားဟောင်း ကိုသန်းထိုက် တို့အမှုကို လက်ရှိ ၃ နှစ်လောက် ကြာမြင့်ချိန်ထိ ရုပ်သိမ်းမပေးသေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒီကနေ့ ရန်ကုန်မြို့၊ Orchid Hotel မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၄၉၄ အရ အခြားကျောင်းသားများနည်းတူ အမြန်ဆုံးအမှု ရုပ်သိမ်းရေး အတွက် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ လွှတ်တော်ဥက္ကဌများ၊ ပြည်ထောင်စုတရား သူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်အပါအဝင် သက်ဆိုင်ရာအဖွဲ့တွေထံကိုလည်း ဖေဖော်ဝါရီလ ၁ ရက်နေ့က မေတ္တာရပ်ခံ တင်ပြထားတယ်လို့ ဒေါ်ခင်ခင်ကျော် ကပြောပါတယ်။

"ကျောင်းသားတွေကို ၂၀၁၆ ခုနှစ်၊ ၄ လပိုင်း ၈ ရက်နေ့မှာ ရုပ်သိမ်းပြီးတဲ့အခါကျတော့ ကျမတို့ အဲတုန်းက မြန်မာနိုင်ငံရှေ့နေကွန်ရက်ဥက္ကဌ ဆရာကြီးကိုယ်တိုင် လက်မှတ်ထိုးပြီးတော့ တရား သူကြီးချုပ် ဦးထွန်းထွန်းဆီကို အမှုနဲ့ပတ်သက်ပြီး ကျောင်းသားများနည်းတူ ရုပ်သိမ်းပေးဖို့ ဆိုပြီးတော့ မေလ ၅ ရက်နေ့ကတော့ ကျမစာတင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီကနေ့အထိ ထူးခြားမှုမရှိပါဘူး၊ အဲတာနဲ့ အခုကျမတို့ ပြည်ထောင်စုရှေ့နေ့များနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့က ၂၈ ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ၁၀ ဌာနပေါ့နော်၊ ဝန်ကြီးဌာန ၁၀ ဌာနပေါ့နော်၊ ဒေါ်အောင်ဆန်း စုကြည် လည်းပါတယ်၊ ဦးထင်ကျော်လည်းပါတယ်၊ ဥပဒေရေးရာနဲ့ တရားစီရင်ရေးဌာန စုစုပေါင်း ၁၀ ဌာနကို ကျမတို့အဖွဲ့ကနေ စာပေးပို့ တင်ပြထားတာရှိပါတယ်ရှင့်"

တရားလွှတ်တော် ဒေါ်ခင်ခင်ကျော်နဲ့ ဗကသကျောင်းသားဟောင်း ကိုသန်းထိုက် တို့ကို တရားစီရင်မှု ဆောင် ရွက်နေသော ပြည့်သူ့ဝန်ထမ်းကို တမင်စော်ကား၊ ဝင်ရောက်နှောင့်ယှက်ခြင်း လို့ခေါ်တဲ့ ရာဇဝတ်ဥပဒေ ပုဒ်မ-၂၂၈ နဲ့ သာယာဝတီမြို့နယ် တရားသူကြီး ဦးချစ်မြတ်က ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှာ တရားစွဲဆိုခဲ့တာဖြစ်ပြီး ဒီနေ့အချိန်ထိ ရုံးချိန်း ၅၂ ချိန်း ရှိနေပြီဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်က အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေကို အရင်အစိုးရလက်ထက်က လက်ပံတန်းမြို့မှာ ဖြိုခွင်းခဲ့ပြီး ရာဇဝတ်မှုဥပဒေ ပုဒ်မ-၅၀၅(ခ) အပါအဝင် ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုခဲ့ပါတယ်။

ဒါပေမဲ့ NLD အစိုးရတက်လာပြီးတဲ့အခါ အဲဒီအမှုတွေအားလုံးကို ပိတ်သိမ်းပြီး ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေကို လွှတ်ပေးခဲ့ပေမယ့် ရှေ့နေ့လိုက်ပေးခဲ့တဲ့ ဒေါ်ခင်ခင်ကျော်နဲ့ ဗကသကျောင်းသားဟောင်း ကိုသန်းထိုက် တို့အမှုက ကျန်နေခဲ့တာဖြစ်ပါတယ်။

တရားစီရင်မှု ဆောင်ရွက်နေသော ပြည့်သူ့ဝန်ထမ်းကို တမင်စော်ကား၊ ဝင်ရောက်နှောင့်ယှက်ခြင်း လို့ခေါ်တဲ့ ရာဇဝတ်ဥပဒေပုဒ်မ-၂၂၈ အရ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၆ လနဲ့ ငွေဒဏ်အဖြစ် ၁ သိန်း ချမှတ်နိုင်ပါတယ်။