လက်ပံတောင်းတောင်မြေယာလျော်ကြေး တိုးမပေးနိုင်ကြောင်း ကာကွယ်ရေးဒုဝန်ကြီးပြော

သီဟထွန်း
2020.03.06

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ မြေယာလျော်ကြေး  မထုတ်ရသေးတဲ့သူတွေကို ကာလပေါက်ဈေး တစ်ဧက ကျပ်သိန်း ၁၉၀ နှုန်းနဲ့  ပေးဖို့မဖြစ်နိုင် ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ဒီနေ့ အမျိုးသားလွှတ်တော်မှာ ပြောပါတယ်။

ဒေသခံတောင်သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အစီရင်ခံစာအတိုင်းတောင်းဆိုနေတာ ဖြစ်ပြီး ညှိုနှိုင်းမှုမရှိရင် ပဋိပက္ခတွေ ဆက်ရှိနိုင်တယ်လို့ ပြောပါတယ်။

မြေယာလျော်ကြေး မထုတ်ရသေးတဲ့ သူတွေကို လက်ရှိ ကာလပေါက်ဈေးနဲ့ ပေးဖို့ ရှိ၊ မရှိ နဲ့ပတ်သက်ပြီး NLD ပါတီ စစ်ကိုင်းတိုင်း မဲဆန္ဒနယ်အမှတ် ၅ ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရဲထွဋ် မေးမြန်းတဲ့အတွက် အခုလို ပြန်ဖြေဆိုတာဖြစ်ပါတယ်။

ကြေးနီစီမံကိန်း အကောင်အထည်ဖော်ဖို့အတွက် မြေယာလျော်ကြေး သုံးကြိမ်၊ နှစ်ရှည်ပင်နဲ့ ရေတွင်းရေကန်တွေ၊ ကျေးရွာသစ်မြေနေရာတွေအတွက် မြေလျော်ကြေးနဲ့ ကုမ္ပဏီအတွက် ခြံစည်းရိုး ခတ်တဲ့အခါ နစ်နာမှုတွေအတွက် သီးနှံလျော်ကြေး ကျပ်သန်းပေါင်း တစ်သောင်းသုံးထောင် ခြောက်ဆယ့် ရှစ်သန်းကျော် ပေးလျော်ပြီးဖြစ်တယ်လို့ ဒုဝန်ကြီးက ရှင်းပြပါတယ်။

ဒုဝန်ကြီးရဲ့အဖြေကို မေးခွန်းမေးမြန်းခဲ့တဲ့ ကိုယ်စားလှယ် ဦးရဲထွဋ်က ကျေနပ်မှုမရှိပါဘူး။

“အလုပ်အကိုင် အခွင့်အလမ်းလည်းမရှိဘူး။ တခြားဘာမှလည်း လုပ်စရာမရှိဘူး။ ဒီရွာတွေကို လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ သွားတဲ့အခါမှာ တော်တော်ကို ဆင်းရဲနုံချာတဲ့ဘဝနဲ့ ရင်ဆိုင်နေရတယ်။ ရေပေါ့ သောက်ရေဆိုလည်း တခါတည်း ဓာတုဗေ ဓာတ်ပစ္စည်းတွေ ပါနေတဲ့ရေတွေ ( Chemicals ) ရေတောင်မှ၊ တစ်ခါ အိမ်လေးတွေကလည်း ဓနိမိုးထရံကာလေးတွေနဲ့ ဘာမှအလုပ်အကိုင်မရှိတော့ ဒါတစ်ခုခုတော့ ဒီမိုကရေစီအစိုးရခေတ်မှာ ဖြေရှင်းပေးဖို့လိုတယ်။ ပြတ်အောင်လုပ်ဖို့ လိုတယ်ပေါ့၊ ရှစ်လ၊ ဆယ်လ လောက်ပဲကျန်တာ့တယ် အစိုးရသက်တမ်း၊ ပြတ်အောင်လုပ်ဖို့ လိုတယ်ဆိုပြီးတော့ မေးခဲ့တယ်။ ဒါပေမဲ့ အဲဒီမေးခွန်းကိုလည်း ငြင်းတယ်ပေါ့ ( Negative ) ပေါ့၊ ဖြေသွားတာကို တွေ့ရတယ်”

၂၀၁၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့  လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း ဆောင်ရွက်နေတယ်လို့ ကာကွယ်ရေး ဒုဝန်ကြီးက ကိုးကားသွားတာ တွေ့ရပါတယ်။

လွှတ်တော် အမတ် ဦးရဲထွဋ်ကတော့ လက်ပံတောင်း ကိစ္စနဲ့ပတ်သက်ပြီး မေးခွန်းမေးမြန်းတာ ရှစ်ကြိမ်၊ ကိုးကြိမ်ခန့်ရှိပြီဖြစ်ကြောင်းနဲ့ အစီရင်ခံစာအတိုင်း အပြည့်အ၀ မဆောင်ရွက်နိုင်တဲ့အတွက်  ပြဿနာတွေကို မဖြေရှင်းနိုင်သေးဘူးကြောင်း ပြောပါတယ်။

မြေယာလျော်ကြေး ယူမထားတဲ့ ဆားလင်းကြီးမြို့နယ် တုံတောကျောင်းရွာက ဒေါ်နွဲ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစီရင်ခံစာပါအတိုင်း ဒေသခံတွေ တောင်းဆိုထားတဲ့ အချက်တွေကို ကုမ္ပဏီက မညှိနှိုင်းဘူးဆိုရင် ပဋိပက္ခတွေ ဆက်ရှိနိုင်တယ်လို့ ပြောပါတယ်။

“ခုကျမတို့ ခြံစည်းရိုးဘေးမှာ သူတို့လိုအပ်လို့ဝယ်လို့ရှိရင် တစ်ဧကကို သိန်း ၁၉၀ တောင်မဟုတ်ဘူး။ သိန်း ၂၀၀ ပေးပြီးတော့ ကုမ္ပဏီက ဝယ်သည့်အတွက် ကျမတို့ကလည်း အမေစု စုံကော်က  လက်ရှိကာလ ဒေသပေါက်ဈေး ပေးလျော်ရမယ်ဆိုတော့ လက်ရှိကာလပေါက်ဈေးက ကုမ္ပဏီက ဒါကိုဝယ်နေတဲ့အတွက် ၁၉၀ ကို တောင်းရခြင်းဖြစ်ပါတယ်။ အဲဒီတော့ သိန်း ၁၉၀ မပေးနိုင်ဘူးဆိုလိုရှိရင် ကျမတို့ တောင်းဆိုချက် ကိုးချက်ထဲက ဖြစ်နိုင်တဲ့ အနေအထားလေးတွေကို လိုက်လျောညှိနှိုင်းသွားမယ်ဆိုရင် အဆင်ပြေနိုင်တယ်။ ဒီလိုမှ မလိုက်လျောဘူးဆိုရင် ဒါကုမ္ပဏီနဲ့ ကျမတို့ကတော့ အမြဲတမ်း ပဋိပက္ခကတော့ ဖြစ်နေဦးမှာပါပဲ”

ဆည်တဲ၊ ဝက်မှေး ၊ မိုးကြိုးပြင်၊ တုံတောကျောင်း စတဲ့ကျေးရွာတွေမှာ မြေယာလျော်ကြေး မယူဘဲ ကျန်နေသေးတဲ့ တောင်သူ ၄၀၀ ကျော်ခန့်ရှိပြီး မြေဧကပေါင်း ၁၈၀၀  ကျော်လောက်ရှိမယ်လို့ ခန့်မှန်းကြောင်း ဒေါ်နွဲ့က ပြောပါတယ်။

ဒီစီမံကိန်းအတွက် မြေဧရိယာပေါင်း ၇၈၆၇ ဧကကို စတင်အသုံးပြုခွင့်ရဖို့ စစ်အစိုးရလက်ထက် ၂၀၀၀ ခုနှစ်က ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

လက်ပံတောင်းတောင် စီမံကိန်းကနေ နိုင်ငံတော်က ၅၁ ရာခိုင်နှုန်း၊ မြန်မာဝမ်ပေါင်က ၃၀ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီက ၁၉ ရာခိုင်နှုန်းအကျိုးအမြတ်ရရှိပြီး၊ ဒေသခံတွေအတွက် အကျိုးအမြတ် နှစ်ရာခိုင်နှုန်း အသုံးပြုသွားမယ်လို့ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောပါတယ်။

ဒေသခံတွေကတော့ မြေယာလျော်ကြေးကို လက်ရှိကာလပေါက်ဈေးအတိုင်း ပေးဖို့အပါအဝင် အချက် ကိုးချက်ကို တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။