လပွတ္တာ မီးဘေးသင့်လုပ်ငန်းတွေ အတွက် ချေးငွေထုတ်ပေး သင့်ကြောင်း အုပ်ချုပ်ရေးမှူး ပြော

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှာ မီးလောင်ခဲ့တာကြောင့် ဆုံးရှုံးခဲ့ရတဲ့ လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့အတွက် အစိုးရအနေနဲ့ ချေးငွေတွေထုတ်ပေးသင့်ကြောင်း လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးတိုးတိုးထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က မီးလောင်ခဲ့ရာမှာ မြို့ရဲ့အဓိကစီးပွားရေးလုပ်ငန်းဖြစ်တဲ့ ဂဏန်းရောင်းဝယ်ရေး နဲ့ ရေလုပ်ငန်းလုပ်ကိုင်သူတွေရဲ့ နေအိမ်တွေအများဆုံးပါသွားတယ်လို့ ဦးတိုးတိုးထွန်းက ပြောပါတယ်။

"ဒီနေ့ မီးလောင်သွားတဲ့အပိုင်းက လပွတ္တာမြို့နယ်ရဲ့ အဓိကရေထွက်ကုန်လုပ်ငန်း လုပ်ကိုင်တဲ့ပုဂ္ဂိုလ်တွေ အားလုံးပေါင်း ဂဏန်းလုပ်ငန်းရှင် ၁၃၃ ယောက်ပါတယ်၊ ငါး ပုဇွန်လုပ်ငန်းရှင်တွေ ၁၃ ယောက်ပါတယ်၊ သူတို့တွေအတွက် လုပ်ငန်းအမြန်ဆုံး ပြန်လည်ပတ်နိုင်အောင် ဆိုပါစို့ ငါးလုပ်ငန်းဦးစီးဌာန ကနေပြီးတော့ ချေးငွေတွေ သူတို့အတွက် ကဏ္ဍတစ်ခုအနေနဲ့ ပေးနိုင်အောင်ဆောင်ရွက်ပေးမယ်ဆိုရင်တော့ သူတို့လုပ်ငန်း အမြန်လည်ပတ်နိုင်မယ်၊ သူတို့ရဲ့ နေရေးထိုင်ရေး အဆင်ပြေသွားပါလိမ့်မယ်"

အမှတ် ၅ ရပ်ကွက်မှာနေထိုင်တဲ့ ဦးနေဝင်းထွန်း နေအိမ်မှာ ဝါယာရှော့ဖြစ်ရာကနေ စတင်ခဲ့တဲ့ အဲ့ဒီ မီးလောင်မှုကြောင့် အမှတ် ၁၊ အမှတ် ၄ နဲ့ အမှတ် ၅ ရပ်ကွက်တွေက နေအိမ် ၂ဝဝ နီးပါး မီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ ၁၁ဝဝ လောက် အိုးမဲ့၊ အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

အဲ့ဒီလို နေအိမ်အတော်များများ မီးလောင်ပျက်စီးခဲ့တာဟာ နေအိမ်တွေမှာ ဆီသိုလှောင်ထားတာတွေ၊ အဝင်အထွက်လမ်း ကျဉ်းမြောင်းတာတွေနဲ့ နေအိမ်တစ်လုံးနဲ့ တစ်လုံးကပ်နေတာတွေကြောင့် ဖြစ်ကြောင်းလည်း မြို့နယ်အုပ်ချုပ်ရေးမှူး က ပြောပါတယ်။ မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုနဲ့ သေဆုံးမှုတွေတော့ မရှိဘူးလို့ သိရပါတယ်။

မီးဘေးဒုက္ခသည်တွေကို အမှတ် ၅ ရပ်ကွက်က ၄ ထပ် ဘုန်းကြီးကျောင်းဝင်းအတွင်းမှာ ယာယီဒုက္ခသည်စခန်း ဖွင့်လှစ်ပေးထားပြီး အစိုးရနဲ့ လူမှုကူညီရေးအဖွဲ့တွေက ကူညီထောက်ပံ့ပေးမှုတွေ ရှိနေပေမယ့် ဒန်အိုး၊ ဒန်ခွက်နဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ အရေးပေါ်လိုအပ်နေပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလကလည်း လပွတ္တာမြို့နယ် ကန်ဘက်ကျေးရွာမှာ မီးလောင်ခဲ့တာကြောင့် နေအိမ် ၂ဝဝ ကျော်မီးလောင် ပျက်စီးခဲ့ပါတယ်။