စီမံကိန်းဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့သူ နော်အုန်းလှ ထောင်ဒဏ် ၂နှစ်ချမှတ်ခံရ

0:00 / 0:00

လက်ပံတောင်းတောင် စီမံကိန်း ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့တဲ့ နော်အုန်းလှကို ဒီနေ့ မုံရွာမြို့နယ် တရားရုံးက အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၂နှစ်ချမှတ်လိုက်ပါတယ်။

နော်အုန်းလှရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က လာမယ့် စက်တင်ဘာလထဲမှာ မုံရွာခရိုင်တရားရုံးမှာ အယူခံဝင် သွားမယ်လို့ အာအက်ဖ်အေကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ (၁၃) ရက်နေ့က မုံရွာမြို့ မြန်မာ့ စီးပွားရေးဘဏ်နဲ့ ဒေသန္တရ ဆေးခန်းကြား မှာ ဆန္ဒပြခဲ့ကြသူတွေထဲက တဲ့ နော်အုန်းလှကို ပုဒ်မ ၁၈ တရားမဝင် စီတန်းလှည့်လည်မှု အပြင် ပုဒ်မ ၅၀၅ (ခ) အများပြည်သူ အကျိုးပျက်စီးစေမှုနဲ့ ဖမ်းဆီးခဲ့တာပါ။

နော်အုန်းလှနဲ့ အတူဆန္ဒပြခဲ့တဲ့ ဒေသခံအမျိုးသမီး ၉ ဦးကိုတော့ ပုဒ်မ ၁၈ တရားမဝင်စီတန်းလှည့်လည်မှုနဲ့ ဖမ်းဆီးခဲ့ ပါတယ်။

ဆန္ဒပြခဲ့ကြတဲ့ ဒေသခံ အဲဒီအမျိုးသမီး ၉ ဦး ကိုတော့ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပြီး နော်အုန်းလှကိုတော့ ပုဒ်မ၅၀၅ (ခ) နဲ့ ဆက်လက်တရားစွဲဆိုခဲ့ပြီး ဒီနေ့ ပြစ်ဒဏ်ချမှတ်လိုက်တာပါ။

ဒီသတင်းနဲ့ ပတ်သက်ပြီး ရှေ့နေ ဦးရောဘတ်စန်းအောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်း ချက် ထားပါတယ်။