ဟင်္သာတ ခရိုင်အတွင်းက ဟင်္သာတ၊ ဇလွန်၊ မြန်အောင်၊ ကြံခင်း၊ လေးမျက်နှာ၊ အင်္ဂပူ၊ သဗျု စတဲ့မြို့တွေက ရှေ့နေ ၂ဝ လောက် ဟင်္သာတမှာ ဒီကနေ့ တွေ့ဆုံကြပြီး ဒီမိုကရေစီရေး လှုပ်ရှားသူတွေ အပါအဝင် နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို တည်ဆဲ ဥပဒေတွေအရ အကာအကွယ် ပေးနိုင်ရေးအတွက် ဆွေးနွေး တိုင်ပင်ခဲ့ကြတယ်လို့ ဦးဆောင် ဆွေးနွေးခဲ့သူ တဦးဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ရှေ့နေကြီး လပွတ္တာ ဦးကြည်ဝင်းက RFA ကို ပြောပါတယ်။
"အစိုးရက ဥပဒေကို လိုက်နာသည်ဖြစ်စေ၊ မလိုက်နာသည် ဖြစ်စေ ကျနော်တို့က ဥပဒေအတိုင်း ဥပဒေ အခွင့်အရေးတွေကို ပြည်သူလူထု ရလာအောင် ကြိုးပမ်းရမယ်။ ရှေ့နေတိုင်း၊ ဥပဒေပညာရှင်တိုင်းရဲ့ တာဝန် ဆိုတာကို။ ဥပဒေနဲ့ အသက်မွေးဝမ်းကြောင်းပြုတဲ့ ရှေ့နေတွေဟာလည်း ဒီ လူမှုလောကအတွင်းမှာ ဥပဒေအရ အကာအကွယ်ရမှ တိုင်းသူပြည်သားတွေ နေမှုထိုင်မှု သက်သာမယ်၊ ဥပဒေ အကာအကွယ် မရရင် ဒုက္ခသုက္ခတွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ သူတို့ သဘောပေါက်လာတယ်"
NLD ရှေ့နေတွေ ဖြစ်ကြတဲ့ ဦးကြည်ဝင်းနဲ့ ဦးခင်မောင်ရှိန် တို့ဟာ ဧရာဝတီတိုင်း အတွင်းက မြို့နယ်တွေမှာ ရှေ့နေများကွန်ရက် ထူထောင်ဖို့ လိုက်လံ ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ ဒီ ရှေ့နေများကွန်ရက် ကနေ လုပ်ဆောင်ပေးနိုင်မယ့် အချက်အလက်တချို့ကို ရှေ့နေ ဦးခင်မောင်ရှိန်က ရှင်းပြပါတယ်။
"တရားစီရင်ရေးမှာ ရှေ့နေတွေရဲ့ အခန်းကဏ္ဍက ပြဋ္ဌာန်းဥပဒေတွေ ကျင့်ထုံးတွေ၊ အကျဉ်းဦးစီးဌာန လက်စွဲတို့ တရားရုံးလက်စွဲတို့ ဒီလို လက်စွဲတွေ ရှိထားတဲ့ ပြဋ္ဌာန်းဥပဒေတွေနဲ့ အညီ တရားစီရင်ရေးကို ဖော်ဆောင်နိုင်မှာပါ။ ဖော်ဆောင်မှုအပိုင်းမှာ ရှေ့နေတွေရဲ့ အခန်းကဏ္ဍက အင်မတန် အရေးကြီးပါတယ်။ ဒီရှေ့နေများကွန်ရက်က ဒေသ တခုနဲ့တခု ချိတ်ဆက်ပြီးတော့ အတွေ့အကြုံတွေကို ဖလှယ်ကြမယ် ဆိုရင် တရားစီရင်ရေးမှာ ရှေ့နေများရဲ့ ကူညီဆောင်ရွက်မှု အခန်းကဏ္ဍ ပိုမြင့်မားလာမယ်။ တရားစီရင်ရေးမှာလည်း အတိုင်းအတာတခုထိ မြင့်မားလာမယ်လို့ သဘောပေါက်ထားပါတယ်"
အခုလို ရှေ့နေ ကွန်ရက်တွေကို တခြား တိုင်းနဲ့ ပြည်နယ်တွေမှာလည်း ထူထောင် နေကြတယ်လို့ သိရပါတယ်။