လေးကေ့ကော် တိုက်ပွဲကြောင့် ထွက်ပြေးရသူ ၁၆၀၀၀ ဝန်းကျင်ရှိလာ

2021.12.23
လေးကေ့ကော် တိုက်ပွဲကြောင့် ထွက်ပြေးရသူ ၁၆၀၀၀ ဝန်းကျင်ရှိလာ လေးကေ့ကော် တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ရွာသားတွေကို ၂၀၂၁ ဒီဇင်ဘာ ၂၀ ရက်နေ့က တွေ့ရစဉ်
Photo - Citizen Journalist
ကရင်ပြည်နယ် လေးကေ့ကော်နဲ့ အနီးတဝိုက်ဖြစ်ပေါ်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်နဲ့ စစ်ကောင်စီတပ်တွေအကြား စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးခဲ့ရတဲ့ စစ်ဘေး ဒုက္ခသည် ၁၆၀၀၀ ဝန်းကျင်ရှိနေပြီလို့ လေးကေ့ကော်မြို့သစ်တာဝန်ခံ တီးဖားတရားက ဒီဇင်ဘာ ၂၃ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။
 
ဒီဇင်ဘာ ၁၅ ရက် နောက်ပိုင်းကတည်းက ဖြစ်နေတဲ့တိုက်ပွဲတွေကြောင့် လေးကေ့ကော်မြို့သစ်အပါအဝင် ဖလူးကြီး၊ ဖလူးလေး၊ ရသေ့ဂူ၊ ထီးမယ်ဝါးခီး၊ မဲ့ထော်သလေး၊ ပဟိကလော် စတဲ့ ရွာတွေက ဒေသခံတွေဟာ ရွာလုံးကျွတ် ထွက်ပြေးနေရတာဖြစ်တယ်လို့ တီးဖားတရားက ပြောပါတယ်။
 
"ဒီတိုက်ပွဲတွေမဖြစ်ခင် အဲဒီရွာတွေမှာ နေထိုင်သူဟာ ၁၆၅၀၀ ရှိတယ်၊ အခုအကုန်လုံးက ထွက်ပြေးနေရ တယ်၊ တချို့က ဆွေမျိုးတွေဆီပြေးကြတယ်၊ တချို့က ထိုင်းဘက်ခြမ်းကိုကူးကြတယ်၊ တချို့ကတော့ သောင်ရင်းမြစ်ဘေးမှာ တဲထိုးပြီးနေကြတယ်၊ ဒီထက်ပိုပြီး တိုက်ပွဲတွေဖြစ်လာရင်တော့ သောင်ရင်းမြစ် ဘေးကနေ ထိုင်းဘက်ခြမ်းကို ကူးမယ် စဉ်းစားထားတယ်" လို့ တီးဖားတရားက ဆိုပါတယ်။
 
ဇူလိုင်လ ၂၃ ရက် ဒီကနေ့မှာတော့ နှစ်ဖက် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်တာ မရှိသေးပေမယ့် စစ်ရေး တင်းမာမှုတွေ မြင့်မားနေဆဲဖြစ်ပြီး အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်ခြေရှိတယ်လို့လည်း ဒုက္ခသည်တွေက ပြောကြပါတယ်။
 
လောလောဆယ်မှာတော့ သောင်ရင်းမြစ်ကမ်းတလျောက်နေထိုင်နေတဲ့ စစ်ဘေးဒုက္ခသည်တွေမှာ အစားအသောက်နဲ့ အဝတ်အထည်တွေ လိုအပ်နေသလို နေရာထိုင်ခင်းအတွက် အမိုးအကာတွေလည်း လိုအပ်နေတယ်လို့ ဒုက္ခသည်အရေးကူညီနေသူတွေက RFA ကို ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။