မြောက်ဦးမြို့နယ် လက္ကာရွာမှာ နေအိမ်နှစ်ရာနီးပါး မီးရှို့ဖျက်ဆီးခံရ


2020.05.17
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာရွာက နေအိမ်များ မပျက်စီးခင် မေ ၁၆ ရက်နေ့က ဂြိုလ်တုမှ တွေ့မြင်ရပုံ နှင့် မီးလောင်ပျက်စီးသွားပြီးနောက် မေ ၁၇ ရက်နေ့တွင် တွေ့မြင်ရပုံ။ Credit: Planet Labs Inc.

ရခိုင်ပြည်နယ် မြောက်ဦးမြို့မြောက်ဘက် ၇ မိုင်လောက်အကွာက လက္ကာကျေးရွာမှာ မေလ ၁၆ ရက် စနေနေ့ နေ့လည် ၂ နာရီကျော်က နေအိမ်အလုံး ၁၉၀ ကျော် မီးရှို့ခံရတဲ့ ဖြစ်ရပ်ဟာ "AA အဖွဲ့ရဲ့လုပ်ရပ်" ဖြစ်တယ်လို့ မနေ့က တနင်္ဂနွေည ၈ နာရီမှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

တပ်မတော်က မြောက်ဦးမြို့နယ် လုံခြုံရေးအတွက် ဆောင်ရွက်နေတဲ့အချိန် လက္ကာရွာနားအရောက်မှာ AA အဖွဲ့က ရွာထဲကနေ ပစ်ခတ်တိုက်ခိုက်လို့ တပ်မတော်ဘက်က ပြန်တိုက်တဲ့အခါ AA အဖွဲ့ဝင်တွေက ရွာကိုမီးရှို့ပြီး ထွက်ပြေးသွားတဲ့အတွက် နေအိမ်အလုံး ၂၀ လောက် မီးလောင်ပျက်စီးသွားခဲ့တယ်လို့ တပ်မတော်ရဲ့သတင်းမှာ ရေးသားထားပါတယ်။

ဒီစွပ်စွဲချက်နဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို RFA က ဆက်သွယ် မေးမြန်းရာမှာ ဒါဟာ စစ်တပ်အနေနဲ့ သူတို့ရဲ့ "စစ်ရာဇဝတ်မှုကို ဖုံးကွယ်ဖို့" ကြိုးစားတဲ့အနေနဲ့ ပြောတာဖြစ်သလို သတင်းဌာနတွေက ဒေသခံတွေကိုမေးကြည့်ရင် ပိုသိရလိမ့်မယ်လို့ ပြောပါတယ်။

ဒေသခံတယောက်ကို ဆက်သွယ်မေးမြန်းရာမှာတော့ စနေနေ့ နေ့လည် ၂ နာရီကျော်က ရွာထဲကို တပ်မတော်စစ်ကြောင်း ဝင်သွားပြီးတဲ့နောက် မီးလောင်တာတွေ လှမ်းတွေ့ရပြီး ၄ နာရီကျော်လောက်မှာ ပြန်ထွက်သွားတာ တွေ့ရတယ်လို့ RFA ကိုပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်မှာ နေအိမ်အလုံး ၂၀ လောက် မီးလောင်ပျက်စီးသွားတယ်လို့ ဖော်ပြထားပေမယ့်၊ ဒေသခံရဲ့အဆိုအရ အလယ်တန်းစာသင်ကျောင်း တစ်ကျောင်းနဲ့ နေအိမ် ၁၉၄ လုံး မီးလောင်သွားတာလို့ ပြောတဲ့အတွက် မီးလောင်ပျက်စီးတဲ့ နေအိမ်အရေအတွက် ဆယ်ဆလောက် ကွာနေတာ တွေ့ရပါတယ်။ လက္ကာရွာမှာ အိမ်ခြေ ၃၀၂ လုံး ရှိတဲ့အတွက် ၁၀၈ လုံး ကျန်နေတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

“မိုးရာသီမှာ လယ်ထွန်ရင်သုံးဖို့ စုထားတဲ့ ဓာတ်ဆီပုံးတွေ အားလုံးကိုဖောက်ပြီး မီးရှို့သွားပါတယ်။ ပြည်သူ့ ပစ္စည်းဥစ္စာတွေကို ဘယ်လောက် မတရားအနိုင်ကျင့် နှိပ်စက်နေလဲဆိုတာ ကြည့်ကြပါဗျာ။ ဒီလောက် ပူပြင်းနေတဲ့အချိန်မှာ ရွာထဲကိုဝင်ပြီး မီးရှို့နေပါတယ်၊ တအိမ်မှကျန်မှာ မဟုတ်တော့ပါဘူး။ တပ်မ (၄၄) ခလရ (၈) လက်အောက်ခံတပ်ဖွဲ့က ရွာထဲကိုဝင်ပြီး မတရားမီးရှို့နေတာပါ”

အခုလို စစ်တပ်ကလုပ်‌ဆောင်နေတာကို ခံရတဲ့ ပြည်သူတွေအတွက် အစိုးရအနေနဲ့ ကာကွယ်တားဆီး မပေးနိုင်ဘူးဆိုရင် တရားမျှတမှု ရရေးအတွက် AA အဖွဲ့အနေနဲ့ နိုင်ငံတကာနဲ့လက်တွဲပြီး ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့ ခိုင်သုခက ပြောပါတယ်။

အခုဆိုရင် လက္ကာရွာက ပြည်သူတွေဟာ စစ်ကြောင်းတွေနဲ့ဝေးတဲ့ နေရာတွေမှာ သွားရောက်ရှောင် တိမ်းနေကြတယ်လို့ စောစောက ဒေသခံက ပြောပါတယ်။

အဲဒီလက္ကာရွာက လူငယ် ၂၇ ဦးကို မနှစ်က ဧပြီလ ၁၀ ရက်နေ့မှာ တပ်မတော်ကဖမ်းသွားပြီး AA နဲ့ ပတ်သက်တဲ့အကြောင်း အတင်းအကြပ် ဝန်ခံခိုင်းတယ်လို့ အဖမ်းခံရတဲ့လူငယ်တွေက မနှစ်က ဇွန်လအတွင်း တရားရုံးထုတ်ချိန်မှာ ပြောထားပါတယ်။ စစ်ကြောရေးကာလမှာ သုံးယောက် ဆုံးသွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ကျန်တဲ့သူတွေကို စစ်တွေထောင်မှာ ထည့်ထားပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲထားလို၊အမှုရင်ဆိုင်နေရပေမယ့် လတ်တလောမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် တရားရုံးမထုတ်တာ တစ်လကျော်လောက် ရှိပြီလို့ သိရပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မောင်တောမြို့နယ် တစ်ခုတည်းကိုပဲ ပြီးခဲ့တဲ့သီတင်းပတ်က အင်တာနက် ပြန်ဖွင့်ပေးလိုက်ပြီး၊ မြောက်ဦးမြို့နယ် အပါအဝင် ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်က စစ်ပူနေတဲ့မြို့နယ်တွေမှာ အင်တာနက် အသုံးပြုလို့ မရအောင် အစိုးရက ဆက်ပြီး ဖြတ်တောက်ထားပါတယ်။

ဒါကြောင့် ဒေသတွင်း ဖြစ်ပျက်နေတာတွေကို ပြည်သူတွေက တင်ပြချင်ပေမယ့် အချိန်မီ မတင်ပြနိုင်သလို သတင်းရဖို့လည်း ခက်ခဲနေတယ်လို့ ပြောဆိုကြပါတယ်။ အဲဒီဒေသမှာ အင်တာနက် ပြန်ဖွင့်ပေးဖို့အတွက် ပြည်တွင်းပြည်ပ လူ့အခွင့်အရေးအဖွဲ့တွေက အစိုးရကို တိုက်တွန်းနေကြတာလည်း ကြားသိနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။