လွှတ်တော်ကိုယ်စားလှယ် ကိုအောင်စိုး ကို တောင်းပန်

ရှေ့နေ ဦးကိုနီကို လုပ်ကြံသူဟာ ကြည်လင်း မဟုတ်ဘဲ အောင်စိုး ဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းက အင်းစိန်မြောက်ပိုင်း ခရိုင် တရားရုံးမှာထွက်ဆိုခဲ့တာဟာ သူမှားယွင်းပြီး ထွက်ဆိုခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

မနေ့က တရားရုံးမှာ မှားယွင်းပြီး သက်သေထွက်ဆိုခဲ့မိတာဖြစ်တဲ့အတွက် လူချင်းတွေ့ပြီး ဦးလင်းဇော်ထွန်း က တောင်းပန်ခဲ့တယ်လို့ ကိုအောင်စိုး က ပြောပါတယ်။

"တရားစွဲဖို့လာတာကို ကျနော့်ကို မှားယွင်းထွက်ဆိုသွားတဲ့ မိုင်းဖြတ်အမတ် ကိုလင်းဇော်ထွန်းက CID မှာ ကျနော့်ကို ခေါ်ယူတွေ့ဆုံပြီးတော့ တောင်းပန်တယ်၊ တောင်းပန်တဲ့နေရာမှာ ကျနော် သူတို့ကိုအယုံအကြည် မရှိတဲ့အတွက် ဘေးက သတင်းထောက် ၂ ယောက်ကိုခေါ်သွားတယ်၊ သူက ကျနော့်ကို အကြိမ်ကြိမ်အခါအခါ တောင်းပန်တယ်၊ သူတကယ်တမ်း သူပြောချင်တာက မြင့်ဆွေလို့ သူပြောချင်တာပေါ့နော် သူ့စိတ်ထဲမှာက ဒါပေမဲ့ နှုတ်ကထွက်သွားတာက အောင်စိုး ဖြစ်သွားတယ်၊ သူကအဲ့စကားကို အထပ်ထပ်အခါအခါပြောပြီး တောင်းပန်တယ်၊ သူ့ရဲ့ ကိုယ်အမူအယာ နှုတ်အမူအယာကို ကျနော် အကဲခတ်တဲ့အခါမှာလည်း သူဟာ တကယ်ပဲ အဲ့လိုအပြုသဘောမျိုးနဲ့ မှားယွင်းသွားတယ်လို့ သတ်မှတ်တဲ့အတွက် သူ့ကို ကျနော် တရားစွဲမယ့် ကိစ္စကို တရားမစွဲတော့ဘူး"

အဲဒီလို ပြောခဲ့တဲ့အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းကို တရားစွဲဖို့ လုပ်ခဲ့ပေမယ့် CID ရုံးမှာ လူချင်းတွေ့ဆုံပြီး တောင်းပန်ခဲ့တဲ့အတွက် တရားစွဲဆိုတာတွေ မလုပ်တော့ဘူးလို့ ကိုအောင်စိုး ကပြောပါတယ်။

ရှေ့နေ ဦးကိုနီကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အနီးကပ် သေနတ်နဲ့ ပစ်ခတ်လုပ်ကြံသူဟာ ကြည်လင်းဖြစ်ကြောင်း လုံခြုံရေးကင်မရာ မှတ်တမ်းတွေအရ သိရှိခဲ့ရတာဖြစ်ပါတယ်။ သေနတ်သမား ကြည်လင်း ကို လိုက်လံဖမ်းဆီးရာမှာ အငှားယာဉ်မောင်းတစ်ဦးဖြစ်တဲ့ ကိုနေဝင်းလည်း သေနတ်ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။

ဦးကိုနီကို လုပ်ကြံဖို့ သေနတ်သမား ကြည်လင်းကို မငှားခင် သူ့ကို လာရောက်ငှားရမ်းခဲ့ကြောင်း ကိုအောင်စိုးက သတင်းမီဒီယာမှာ ပြောဆိုခဲ့သူလည်းဖြစ်ပြီး တရားရုံးမှာလည်း သက်သေထွက်ဆိုခဲ့သူ တယောက်ဖြစ်ပါတယ်။

ရှေ့နေ ဦးကိုနီ လုပ်ကြံခံရတဲ့ အမှုအတွက် ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းနဲ့ ဇေယျာဖြိုး တို့ကို အင်းစိန်မြောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်ပြီး သက်သေတွေကို စစ်ဆေးနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က ရှေ့နေ ဦးကိုနီအမှုကို စွဲချက်တင်နိုင်ခဲ့တာဖြစ်ပြီး ပြန်ခေါ်သက်သေ ၇၃ ယောက်ကိုလည်း စစ်မေးနေတာဖြစ်ပါတယ်။ ဦးကိုနီ အမှုကိုစွဲချက်တင်ဖို့ တရားရုံးက အမိန့်ချမှတ်ပြီးတဲ့ အတွက် ပြန်ခေါ်သက်သေ ၃၇ ယောက်ကို စစ်မေးရာမှာ ဒီကနေ့မှာ ပြန်ခေါ်သက်သေ အားလုံးစစ်မေးပြီး သွားပြီဖြစ်ပါတယ်။

ပြန်ခေါ်သက်သေ ကုန်ဆုံးတာဖြစ်တဲ့အတွက် လာမယ့် ၂၂ ရက်နေ့မှာ တရားခံတွေကို စတင်စစ်ဆေး မှာ ဖြစ်ပါတယ်။