နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံရသူ လူငယ် ၄ ဦး အာမခံ မယူ

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ်တု ထားရှိမယ့်အပေါ် ကန့်ကွက်စာတွေနဲ့ ကရင်နီဆိုင်ရာ သမိုင်းကြောင်းစာရွက်တွေ ဖြန့်ဝေခဲ့မှုကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ခ နဲ့ တရားစွဲခံထားရတဲ့ လူငယ် ၄ ယောက်ဟာ ဒီနေ့ရုံးချိန်းမှာ အာမခံမယူခဲ့တာကြောင့် လွိုင်ကော် အကျဉ်းထောင်ကို ပို့ဆောင်လိုက် ပါတယ်။

နောက်ထပ် မြို့နယ်တွေမှာလည်း ထပ်စွဲဆိုဖို့ ရှိနေတာတွေကြောင့် အာမခံမယူဖို့ ဆုံးဖြတ်လိုက်တာလို့ ကရင်နီပြည်လူငယ်ထု ပြန်ကြားရေးတာဝန်ခံ ခွန်းဘားနဒ် က ပြောပါတယ်။

"ကျနော်တို့ ထပ်ကြားရတာက သက်ဆိုင်ရာ မြို့နယ်တွေ၊ မယ်စဲ့၊ ဘောလခဲ အဲဘက်မှာလည်း ထပ်စွဲဖို့ ရှိတယ်ဆိုတာ ကျနော်တို့ကြားရတယ်ပေါ့၊ အဲလိုအခြေအနေမှာ လူငယ်တွေဘက်က ကိုယ့်သမိုင်းမှန်ကို ဖြန့်တာလည်းဟုတ်တယ်၊ ပြီးတော့ ဒီလိုမျိုး မြို့နယ်အလိုက်ကို ပြီးတော့ မြို့နယ်အလိုက်ကို ထပ်သွား နေရဦးမယ်ဆိုရင်တော့ အဆင်မပြေဘူးဆိုတဲ့ စဉ်းစားချက်နဲ့ သူတို့က အာမခံမယူဘူးလို့တော့ ယေဘုယျ ပြောလို့ရတာပေါ့"

ကန့်ကွက်နေတဲ့ လူငယ်အဖွဲ့တွေထဲက ခွန်းသောတ်(စ်)၊ ဒီးဒီ၊ ဖိလစ်စိုးအောင် နဲ့ ခွန်းမျိုးလှိုင်ဝင်းတို့ ၄ ယောက် ကို ပုဒ်မ ၅၀၅ (ခ) နဲ့ ဒီမော့ဆိုမြို့နယ် ရဲစခန်းက တရားစွဲဆိုထားတာဖြစ်ပါတယ်။

အလားတူ အဲဒီလိုစာရွက်တွေ ဖြန့်ဝေမှုကြောင့် လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က လူငယ် ၁၀ ယောက်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ) တို့နဲ့လည်း တရားစွဲဆိုထားတာ ရှိနေပါတယ်။

လွိုင်ကော်က လူငယ်တွေကတော့ အာမခံယူထားပြီး မနက်ဖြန်မှာ ရုံးချိန်း ချိန်းဆိုထားပါတယ်။

ဒီမော့ဆိုမှာ ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲခံထားရတဲ့အထဲက ၃ ယောက်ဟာ လွိုင်ကော်မှာလည်း ပုဒ်မ ၅၀၅ (ခ) (ဂ) တို့နဲ့ ထပ်မံစွဲဆိုခံထားရသူတွေ ဖြစ်ပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၃ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့မှုနဲ့ ပတ်သက်ပြီး လူငယ် ၁၀ ယောက်ကျော်ကို တရားစွဲဆိုဖို့ စီစဉ်တာတွေရှိတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ကို ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

လက်ရှိမှာတော့ လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ်တု ထားရှိမယ့်ကိစ္စကို ယာယီရပ်ဆိုင်းထားပြီး လာမယ့် ဇူလိုင်လ ၃၀ ရက်နေ့မှာ အများပြည်သူ ဆန္ဒသဘောထားတွေ ခံယူပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ်က လူငယ်အဖွဲ့တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားထားပါတယ်။