လွိုင်လင်လေးမှာ လက်နက်ကြီးကြောင့် ဒေသခံငါးဦး ဒဏ်ရာအပြင်းအထန်ရ

RFA Burmese
2023.07.26
လွိုင်လင်လေးမှာ လက်နက်ကြီးကြောင့် ဒေသခံငါးဦး ဒဏ်ရာအပြင်းအထန်ရ တိုက်ပွဲများကြောင့် ထွက်ပြေးကြရသည့် လွိုင်ကော်မြို့မှာ ဒေသခံများကို ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က တွေ့ရစဉ်။
Karenni Free Burma Rangers

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့ ပိန်းချစ်အုပ်စု၊ ဝမ်ကုန်းရွာကို ဇူလိုင် ၂၄ ရက်ကစပြီး စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်နေတာကြောင့် သက်ကြီးရွယ်အိုနှစ်ဦးနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး အပါအဝင် ငါးဦး ဒဏ်ရာ အပြင်းအထန် ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ် ခမရ (၅၃၀) ကပစ်နေတာဖြစ်ပြီး ဇူလိုင်လ ၂၄ ရက်က ဝမ်ကုန်းရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ခြံအလုပ်လုပ်နေတဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၂၅ ရက်မှာလည်း လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်ခဲ့ရာမှာ နေအိမ်တစ်အိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး အသက် ရှစ်ဆယ်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၃၅ အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၊ အသက် သုံးဆယ်ဝန်းကျင် အမျိုးသမီးနဲ့ အမျိုးသားတစ်ဦး စုစုပေါင်းမိသားစုဝင်လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေရဲ့ လုံခြုံရေးအရ အမည်တွေကိုတော့ ဒေသခံတွေက ထုတ်မပြောပါဘူး။

ဇူလိုင် ၂၆ ရက်ဒီနေ့မနက်မှာ လက်နက်ကြီး ပစ်ခတ်တာမရှိပေမယ့် လျှပ်စစ်မီးတွေ ဖြတ်တောက်ထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“နှစ်ရက်ရှိပြီ အကြောင်းမဲ့ဆက်တိုက်ကို ပစ်နေတာပေါ့။ ဆယ်ချက်ထက် မကဘူး။ အရင်ကလည်း မကြာခဏ ထုဖူးတယ်။ ဒါပေမဲ့ အရင်တုန်းကထုတယ်ဆိုတာက ကျွန်မတို့ဝမ်ကုန်းရွာထိကို မရောက်ဘဲနဲ့ ရွာပြင်နဲ့ ထီးစဲခါး ရွာတို့ အဲဒီရွာတွေမှာ ကျတယ်။ အခုဒီလွန်ခဲ့တဲ့ ရှေ့နှစ်ရက်လောက်က စထုတာကတော့ ကျွန်မတို့ရွာထဲ ရောက်တာပေါ့နော်။ မနေ့ညကထိသွားတဲ့ လေးယောက်ဆိုရင် အိမ်မှာနေရင်းနဲ့ကို ထိသွားတာ။ ဝက်တွေလည်း ထိတယ်။ မသေပေမယ့် သတ်လိုက်ရတယ်။ ဒီမနက်တော့ ငြိမ်နေပေမယ့် လျှပ်စစ်မီးတွေ ဖြတ်တောက်ထားတယ် ”

ဒဏ်ရာရသူ ငါးဦးက​တော့ ​တောင်ကြီးမြို့မှာ ​ဆေးကုသမှု ခံယူ​နေတယ်လို့ ဆိုပါတယ်။

လက်ရှိ ဝမ်ကုန်းရွာခံတချို့ ရွာထဲမှာ ဆက်ပြီးနေထိုင်ကြပေမယ့် တချို့ကတော့ ဘေးလွတ်ရာပြောင်းရွှေ့နေကြပြီလို့ ဒေသခံကပြောပါတယ်။

အိမ်ခြေတစ်ရာကျော်ရှိပြီး လူဦးရေ ငါးရာကျော်ရှိတဲ့ ဝမ်ကုန်းရွာမှာ ကယန်းတိုင်းရင်းသားတွေ အများစု နေထိုင်ကြပြီး အဓိက လယ်နဲ့တောင်ယာ လုပ်ကိုင်စားသောက်ကြတာလို့ ဆိုပါတယ်။

ရွာထဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရမှုအပေါ် တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်အထိ ကယားပြည်နယ်မှာ တိုက်ပွဲတွေကြား နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည် နှစ်သိန်းသုံးသောင်းကျော် ရှိတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။